မြန်မာစာပျက်ရင် မြန်မာတွေပျက်မယ် မြန်မာစာပျောက်ရင် . .

မြန်မာစာပျက်ရင် မြန်မာတွေပျက်မယ် မြန်မာစာပျောက်ရင် . .
Published 22 May 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ရဟန်းတို့ ...သာသနာကွယ်ကြောင်း နှစ်ပါးရှိတယ်။ အဲဒါက ပါဠိသတ်ပုံ မှားယွင်းခြင်းနဲ့ အနက်မြန်မာပြန်ပုံ မှားယွင်းခြင်းတို့ပဲ။(အင်္ဂုတ္တိုရ်၊ ဒုကနိပါတ်ပါဠိတော်)သာသနာတော်ရဲ့ ရေသောက်မြစ်ဟာ ပရိယတ္တိပါ။ ပရိယတ္တိကို ပါဠိစာပေနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ပါဠိသတ်ပုံပျက်ရင် သာသနာပျက်မှာပါ၊ သာသနာကွယ်မှာပါ။ ဒါကြောင့် ပါဠိသတ်ပုံကို မမှားစေဖို့၊ မပျက်စေဖို့ ဘုရားအထူးမှာကြားခဲ့တာပါ။မြန်မာ့မြေပုံပေါ်မှာ ရှေးခေတ်က ပျူလူမျိုးနဲ့ ပျူစာဆိုတာ အထင်အရှား ရှိခဲ့ဖူးပါတယ်။ ပျူလူမျိုးတွေဟာ သူတို့ပျူစာကို ကောင်းကောင်း မထိန်းသိမ်းမစောင့်ရှောက်ကြလို့ ပျူစာတွေ ပျက်ခဲ့၊ ပျောက်ခဲ့ရတယ်။ ပျူစာပျက်လို့ ပျူလူမျိုးတွေ ပျက်ခဲ့ရတယ်၊ ပျူစာပျောက်လို့ ပျူလူမျိူးတွေ ပျောက်ခဲ့ရတယ်။စာရေးသူတို့ငယ်စဉ်က ထီးချိုင့်၊ တည်တောဆရာတော်တို့၊ ဆရာတော်ရဝေထွန်းတို့ဟာ မြန်မာစာ သြဝါဒါစရိယ ဆရာတော်များလို့ စာတွေမှာ ဖတ်ခဲ့ရ၊ သိခဲ့ရပါတယ်။ အဲဒီခေတ်က စာပေစိစစ်ရေးက မဂ္ဂဇင်းတွေ၊ စာအုပ်တွေ သတ်ပုံမှားရင် ဆယ်ပြားပြားနှစ်ဆယ် စသဖြင့် ဒဏ်တပ်တယ်လို့ ကြားဖူးပါတယ်။ အဲဒီလို မြန်မာစာကို စောင့်ရှောက်ခဲ့ကြတာပါ။မြန်မာစာဟာလည်း ၁၉၉၀ က ဒေါ်စုပြောခဲ့တဲ့ အလုံးစုံပျက်သုဉ်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားခဲ့ရပါတယ်။ မြန်မာစာ သြဝါဒါစရိယ ဆရာတော်ဆိုတာလည်း မကြားဖူးတော့။ မြန်မာစာအဖွဲ့ဆိုတာလည်း မကြားဖူးတော့။ မြန်မာစာသတ်ပုံတွေ မှားချင်တိုင်းမှား၊ ပျက်ချင်တိုင်းပျက်နေတာကိုလည်း ထောက်ပြပြောဆိုမယ့်သူ မရှိတော့ဘူး။ပျူစာပျောက်တော့ ပျူတွေပျောက်ခဲ့ရသလို မြန်မာစာပျောက်ရင် မြန်မာတွေပျောက်မယ်၊ မြန်မာစာပျက်ရင် မြန်မာတွေပျက်မယ်။ ဒါ့ကြောင့် မြန်မာစာကို နိုင်ငံတော်ပိုင်းက အထူးဂရုစိုက် ပြန်လည်စောင့်ရှောက် စေချင်ပါတယ်။ခုခေတ်မြန်မာတွေဟာ မြန်မာစာကို အလေးမထားကြတော့ဘူး။ မြန်မာစာကို ဂရုမစိုက်ကြတော့ဘူး။ ခုခေတ်လူတွေ တချို့အသုံးနည်းတဲ့ မြန်မာဝေါဟာရတွေကို ကောင်းကောင်းမသိ၊ မကြားဖူးတော့ဘူး။ ဂျာနယ်တစ်စောင်မှာ ‘ဓားစာခံ’ ကို ‘တန်ဆာခံ’ လို့ သုံးထားတယ်။ သေရောပဲ။ တန်ဆာဆိုတာ ဝတ်စားတန်ဆာ၊ မင်းမြှောက်တန်ဆာ၊ တန်ဆာခ၊ ပြည့်တန်ဆာ၊ ယောက်ျားတန်ဆာ၊ မိန်းမတန်ဆာ စတဲ့နေရာတွေမှာ သုံးတာ။ ‘ဓားစာခံ’ ကို ‘တန်ဆာခံ’ ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ဆေးမြီးတို ဆောင်းပါးတစ်ခုမှာလည်း ‘ကြက်သီးနွေး’ ကို ‘ကြက်သီးမွှေးညင်း’ လို့ လုပ်ထားတယ်။ အသုံးနည်းတဲ့ ဝေါဟာရမို့ စိတ်ထဲမှာ မရင်းနှီးတာပဲ။ ခုခေတ်လူတွေ မြန်မာစကားပုံ၊ မြန်မာဆိုရိုး၊ မြန်မာရှေးသုံး ဝေါဟာရတွေကို ကောင်းကောင်းမသိကြတော့ဘူး။ခုခေတ် မီဒီယာသမားအချို့ဟာ မြန်မာဝေါဟာရ၊ မြန်မာသတ်ပုံကို လုံးဝဂရုမစိုက်တော့သလိုကို ဖြစ်နေတယ်။ လွဲချင်တိုင်းလွဲ၊ မှားချင်တိုင်းမှားနေကြတာ။ အခုနောက်ဆုံး အဆိုးဆုံးကတော့ ‘လည်း’ နဲ့ ‘လဲ’ မကွဲကြတာပဲ။ ‘လဲ’ လုပ်ရမယ့်နေရာမှာ ‘လည်း’ ချည်းပဲ လုပ်နေကြတာ။‘ဘယ်လိုလဲ’၊ ‘ဘယ်ညာလဲ’၊ ‘ဘာဖြစ်တာလဲ’ စတဲ့ မေးခွန်းသဘောဆောင်တဲ့ နေရာမှာ နောက်ထိုးပစ်နဲ့ ‘လဲ’ လုပ်ရမှာ။ အခုတော့ ‘လဲ’ ဆိုတာ မရှိတော့သလောက်ပဲ။ အားလုံး ‘လည်း’ ချည်းပဲ လုပ်နေကြတာ။မြန်မာစာဟာ အသံထွက်တူပေမယ့် ရရစ်၊ ယပင့်၊ တသတ်၊ ငသတ်၊ နသတ်၊ မသတ်နဲ့ သေးသေးတင်ကွဲပြားနေတော့ ခက်တော့ခက်ပါတယ်။ ရှေးသတ်ပုံနဲ့ ခေတ်သတ်ပုံကလည်း နည်းနည်းကွဲတာလေးတွေရှိတော့ သေချာခွဲခြားမှတ်ရပါတယ်။ သေချာဂရုစိုက်ရပါတယ်။ အများစု အမှားကတော့ မကင်းနိုင်ဘူး။ ဒါပေမဲ့ ‘စလုံး’ ‘ဆလိန်’ မကွဲတာတော့ တော်တော်ဆိုးပါတယ်။တဝမ်းပူ စသတ်ခြင်း၊ မသတ်ခြင်း ကိစ္စကလည်း ရောထွေးနေတယ်။ ရှေးမူကတော့ တဝမ်းပူရိုးရိုးပဲ၊ စသတ်မပါဘူး။ ၁၉၇၈ ထိ တဝမ်းပူ စသတ် မပါသေးဘူး။ ထိုနောက်မှ ဦးနေဝင်းက ပညာရေးဝန်ကြီးအား ခေါ်ဆူကာ တဝမ်းပူမှန်သမျှ ‘စသတ်’ ပါရမည်ဟု အမိန့်ထုတ်ခဲ့လေသတဲ့။ တိုင်းပြည်ကိုသာမက မြန်မာစာကိုပါ ဖျက်ဆီးခဲ့တာ။တကယ်လို့ တဝမ်းပူကို စသတ်မယ်ဆိုရင် သင်္ချာသဘောဆောင်မှသာ စသတ်သင့်တယ်၊ သင်္ချာသဘောမဟုတ်ရင် စမသတ်သင့်ဘူး။ ‘ရဟန်းတစ်ပါး’ ဆိုရင် တဝမ်းပူကို စသတ်ပါ။ ‘သူတပါး’၊ ‘တပါးသူ’ ဆိုရင် တဝမ်းပူကို စမသတ်ပါနဲ့။ ‘အိမ်တစ်အိမ်’၊ ‘ရွာတစ်ရွာ’၊ ‘မြို့တစ်မြို့’ ဆိုရင် ‘စသတ်’ ပါ။‘မှတပါး’ ဆိုရင် တဝမ်းပူ စမသတ်သင့်ဘူး။ ‘တချို့’ ဆိုရင် တဝမ်းပူ စမသတ်သင့်ဘူး။ ‘တချို့’ ကို ‘တစ်ချို့’ လို့ မလုပ်သင့်ဘူး။ နောက်တစ်ချက်က ဧကဝုစ်ကိန်းအပြင် ဗဟုဝုစ်ကိန်း ပါရှိမှသာ တဝမ်းပူကို စသတ်သင့်တယ်။ ဧကဝုစ်ကိန်းသာရှိပြီး ဗဟုဝုစ်ကိန်းမရှိတဲ့ ပုဒ်မျိုးကို တဝမ်းပူ စမသတ်သင့်ဘူး။အချုပ်သဘောပြောရရင် သင်္ချာသဘော ဆောင်၊ မဆောင်၊ ဧကဝုစ် ဗဟုဝုစ်ကိန်း ကွဲပြားမှု ရှိ၊ မရှိ ပထမစဉ်းစားရမယ်။ သင်္ချာသဘောဆောင်တဲ့ တဝမ်းပူကို စသတ်လိုက်ပါ။ ဧကဝုစ်အပြင် ဗဟုဝုစ်ကိန်းပါရှိတဲ့ တဝမ်းပူကို စသတ်လိုက်ပါ။ သင်္ချာသဘောလည်း မဆောင်၊ ဗဟုဝုစ်ကိန်းလည်း မရှိတဲ့ တဝမ်းပူကို စမသတ်ပါနဲ့။မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံထားတာ၊ မြန်မာစာပေဟာ ပါဠိစာပေကို အခြေခံထားတာ။ ဒါကြောင့် မြန်မာဝေါဟာရထဲမှာ ပါဠိဝေါဟာရတွေ များစွာရှိနေတယ်။ လောဘ၊ ဒေါသ၊ မောဟ မာန၊ ဣဿာ၊ မစ္ဆရိယ စတဲ့ဝေါဟာရတွေ၊ သဒ္ဓါ၊ စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ဝေါဟာရတွေဟာ ပါဠိမွေးစား စကားလုံးတွေပဲ။‘ကရုဏာ’ ကို ‘ဂရုဏာ’ လို့ မှားတတ်ကြတယ်။ ‘ဗျာပါရ’ ကို ‘ဗျာပါဒ’ လို့ မှားတတ်ကြတယ်။ ‘သက္ကာယ’ ကို ‘သက္ကာရ’ လို့ မှားတတ်ကြတယ်။ ‘နဝကမ္မ’ ကို ‘နဝကာမ’ လို့ မှားတတ်ကြတယ်။ ပါဠိသက် ဝေါဟာရတွေကိုတော့ ရမ်းမသုံးသင့်ဘူး။ နီးစပ်ရာကို မေးမြန်းရမယ်။ ဒါမှမဟုတ် အနီးမှာ အဘိဓာန်တွေ စုံလင်စွာရှိထားရမယ်။မြန်မာစာပျက်ရင် မြန်မာတွေပျက်မယ်။ မြန်မာစာပျောက်ရင် မြန်မာတွေပျောက်မယ်။ မြန်မာစာကို အထူးဂရုစိုက်စေချင်ပါတယ်။

Most Read

Most Recent