ကျန်းမာရေးအရ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား

ကျန်းမာရေးအရ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား
Published 20 May 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ကျန်းမာရေးအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏  ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက မေ ၁၉ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
 
သတင်းထောက်များမေးမြန်းသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ် ပြိုင်ရန် အစီအစဉ် ရှိ မရှိမေးခွန်းအပေါ် “အခုတော့ မဆုံးဖြတ်ရသေးပါဘူး။ ကျန်းမာရေးအရတော့ ပြိုင်နိုင်ပါတယ်” ဟု ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးအောင်သောင်းက ပြန်လည် ဖြေကြားပေးသည်။
 
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေး ကို မေလကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိသည့် သတင်းများကိုလည်း မသေချာသေးကြောင်း ငြင်းဆိုသွားခဲ့ပြီး လျာထားချက်များသာဖြစ်နိုင်ကြောင်း ဦးအောင်သောင်းက ပြောကြားသည်။
 
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲ ဝင် မဝင် ကိစ္စနှင့် ပတ်သက်၍လည်း မသုံးသပ်တတ်ကြောင်း ဦးအောင်သောင်းက သတင်းထောက်များအား ပြောကြားသည်။
 
ပင်စင်သက်တမ်း ပြည့်တော့မည့် တပ်မတော်မှ အရာရှိကြီးအချို့နှင့် အငြိမ်းစားဝန်ကြီးဟောင်းများအနေဖြင့် ဆန္ဒပြုမည်ဆိုပါက လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်လာနိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၂ ရက် တွင် သတင်းထောက်များအား ပြောကြားထားသည်။
 
ထို့ပြင် တာဝန်ပေးမည်ဆိုပါ က ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် တပ်မတော်ပိုင်းမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများရှိနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က မေ ၁၅ ရက်တွင် ပြောကြားထားသည်။
 
လက်ရှိ နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင် မဝင်ဆိုသည် ကို ယတိပြတ် ဆုံးဖြတ်ချက်မရသေးကြောင်း ဦးအောင်သောင်းက ဧပြီလအတွင်း ပြောကြားထားသည်။
 
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပါဝင်ယှဉ် ပြိုင်မည်ဖြစ်သည်။