တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ဇွန်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း ဝန်ကြီးဦးအောင်မင်းက မေ ၁၈ ရက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဦးအောင်မင်းက “ အခု NCCT ဆိုတဲ့ သူတို့ တိုင်းရင်းသားအဖွဲ့တွေဟာ ချင်းမိုင်မှာ အခုလ ၂၆၊ ၂၇ မှာ သူတို့ အစည်းအဝေးလုပ်ပါမယ်။ အစည်းအဝေးလုပ်လို့ အစည်းအဝေးပြီးတဲ့အခါမှာ ဇွန်လ ပထမပတ်ထဲမှာ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ဟာ ထိပ်သီးအစည်းအဝေး လုပ်ပါမယ်။ အဲဒီ ထိပ်သီးအစည်းအဝေးလုပ်လို့ အဲဒီမှာပြတ်ပြီဆိုလို့ရှိရင် လက်မှတ်ထိုးမယ့်ရက်တွေ ဘာတွေရွေးပြီးမယ့်အခါမှာ ဇွန်လထဲမှာ ထိုးနိုင်မယ်လို့ ကျွန်တော်ဒီလိုပဲ တွက်ပါတယ်။ ဒီလိုပဲ အတတ်နိုင်ဆုံး ဒီလိုပဲဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ် ” ဟုပြောကြားသည်။
လက်ရှိ NCA စာချုပ်နှင့် ပတ်သက်၍ လုပ်ဆောင်နေစဉ်အတွင်း “ဝ” ဒေသ ပန်ဆန်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲကြောင့် တစ်လခန့် အချိန်နောက်ကျခဲ့သော်လည်း ပန်ဆန်းဆွေးနွေးပွဲသည် NCA ကို အထောက်အကူပြုကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းလုပ်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လက်ရှိနိုင်ငံရေးပါတီများ ဆွေးနွေးသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို မိမိအနေဖြင့် လေ့လာကြည့်ရာတွင် သဘောမတူနိုင်စရာအချက်များစွာ မတွေ့ရကြောင်း၊ ထပ်မံ၍ ငြင်းခုန်ဆွေးနွေးရမည့်အချက်လည်း များစွာမရှိကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၏ လုပ်ဆောင်မှုများကို ထောက်ခံသည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။
“အဲတော့ Framework အသင့်ဖြစ်နေလို့ရှိရင် စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ အဲဒီမူဘောင်ကို အတည်ပြုပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်တက်လို့ရမှာဖြစ်တယ်။ ဒီအစိုးရလက်ထက်မှာ ဆောင်ရွက်လို့ရမှာဖြစ်တယ်။ ဒီအစိုးရလက်ထက်မှာ ဆောင်ရွက်လို့ ရလို့ရှိရင်တော့ နောက်အစိုးရဟာကို ကောင်းမွန်တဲ့အမွေတွေ ပေးခဲ့ချင်တာပေါ့ဗျာ။အပူထုပ်တွေ မပေးခဲ့ချင်ဘူးပေါ့ဗျာ။ ဒီဥစ္စာကို အကယ်၍သာ ကျွန်တော်တို့ မပြီးမပြတ်ဘဲနဲ့ ထားခဲ့မယ်ဆိုရင်တော့ တစ်က ပြန်စရလိမ့်မယ်ဆိုတာ ဒါနိုင်ငံတော်သမ္မတကြီးကလည်း ခဏခဏ ပြောနေတာဖြစ်ပါတယ်။ မှန်ကန်တဲ့ စေတနာနဲ့လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ လုပ်ဆောင်ချက်ပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ထားပေးကြဖို့ နိုင်ငံရေးပါတီများကို တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ( UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ မှ ကိုယ်စားလှယ်များပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် မူကြမ်း ရေးဆွဲပြီးစီးကြောင်းကို ၂၀၁၅ ခုနှစ် မတ် ၃၁ရက် က အတည်ပြုသဘောတူခဲ့ကြသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဇွန်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေဟု ဝန်ကြီးဦးအောင်မင်း ပြောကြား