(၁)
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ဒီလို ကြေညာထားပေမယ့် ရက်အတိအကျ မထွက်သေးပါဘူး။အခုချိန်မှာ ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ခြေဆိုတဲ့ စိုးရိမ်မှုက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေအကြား ဖြစ်နေပါတယ်။ရွေးကောက်ပွဲအတွက် တစ်လှမ်းချင်း ရွေ့နေတယ် ထင်ရပေမဲ့ ခိုင်မာသေချာတဲ့ သတ်မှတ်ချက်၊ ကတိကဝတ်တွေကို မမြင်ရသေးပါဘူး။တစ်ဖက်မှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေက လမ်းခုလပ်မှာပဲ ရှိနေပါတယ်။၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေးတည်ငြိမ်မှုအတွက် အဖြေမထွက်သေးချိန်မှာ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တည်ငြိမ်မှုအတွက် ပြင်ဆင်မှုက အားရဖွယ် မရှိသေးပါဘူး။
(၂)
ဒါ့အပြင် ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ရပ်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။၂၀၁၄ ခုနှစ် မတ် ၂၀ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် ပြောခဲ့ပါတယ်။ နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာမှာ လုပ်ပေးမယ်လို့ သူက ဆိုပါတယ်။ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ဦးတင်အေးကပဲ ပြောခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ခန့်မှန်းသတ်မှတ်ကာလ မရောက်ခင် နှစ်လအလိုမှာ မလုပ်တော့ဘူးလို့ ပြောခဲ့တာပါ။အခုလည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ထားပါတယ်။ကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်ချက်က ၂၀၁၄ ခုနှစ် အောက်တိုဘာမှာ ထွက်ပေါ်ခဲ့တာပါ။ အခုအချိန် ခြောက်လကျော်သွားပါပြီ။ ရက်အတိအကျ မပြောသေးပါဘူး။ပြီးခဲ့တဲ့ မေ ၁၄ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မှာ တွေ့ပါတယ်။အဲဒီ တွေ့ဆုံမှုမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ရှင်းလင်းချက်တွေအရ အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာ ကောင်းပါတယ်။ အခြေခံမဲစာရင်း ပြုစုမှု၊ မဲပေးပုံနည်းစနစ်နဲ့ ကြိုတင်မဲကိစ္စ ရှင်းလင်းမှုတွေဟာ အကောင်းဘက် ဦးတည်တယ်လို့ ယူဆရပါတယ်။ဒါပေမဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။ ဒီပြဿနာတွေထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျကို မကြေညာနိုင်သေးတဲ့ အချက်က အဓိကကျပါတယ်။
(၃)
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပြန်ကြည့်ရင် နိုင်ငံရေးပါတီတွေကို လုံလောက်တဲ့အချိန် ပေးခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် ရက်အတိအကျကို ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးပါတယ်။ ရွေးကောက်ပွဲရက်မတိုင်ခင် အချိန်ခြောက်လကျော် ကြိုတင်ကြေညာခဲ့တာပါ။ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်ကနေ ၉ ရက်အတွင်း စိစစ်ပေးပြီး အမြန်ဆုံး ပြန်ချပေးခဲ့ပါတယ်။မဲဆွယ်စည်းရုံးခွင့် အမိန့်ကို ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာပါတယ်။ဒါကလည်း ရွေးကောက်ပွဲရက်မတိုင်ခင် အချိန်သုံးလ၊ ရက်ပေါင်း ၉၀ ကျော်ပေးပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်မှာ လုပ်ခဲ့ပါတယ်။ ပြုလုပ်မယ့် ရက်အတိအကျကို ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၃ ရက်က ကြေညာပါတယ်။ မဲဆွယ်စည်းရုံးခွင့်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၈ ရက်မှာ ကြေညာပါတယ်။ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၈၀ အလိုက ခွင့်ပြုခဲ့တယ်လို့ ယူဆနိုင်ပါတယ်။၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်မှာ လုပ်ခဲ့ပါတယ်။ ဒီအတွက်လည်း သုံးလနီးပါး ကြိုတင်ကြေညာခဲ့ပါတယ်။ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ မဲဆွယ်စည်းရုံးရေးအတွက် ရက်ပေါင်း ၄၀ ကျော်အလိုက ခွင့်ပြုတဲ့ သဘောပါပဲ။
(၄)
ရွေးကောက်ပွဲသုံးရပ်ကို ပြန်ကြည့်ရင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲက တရားဝင်ပြင်ဆင်ခွင့် အများဆုံး ရခဲ့တာကို တွေ့နိုင်ပါတယ်။၂၀၁၀ ပြည့် ရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲလုပ်မယ့် ရက်အတိအကျကို အချိန်သုံးလနီးပါးလိုမှ ကြေညာခဲ့တယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ အချိန်ခြောက်လကျော် ကြိုတင်ကြေညာပေးပါတယ်။အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အချိန်ငါးလကျော်ပဲ လိုပါတော့တယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ ပုံစံတွေအရ ရွေးကောက်ပွဲလုပ်မယ့် ရက်အတိအကျကို လာမယ့်ဇူလိုင်လထဲမှာ ထုတ်ပြန်နိုင်ခြေ ရှိပါတယ်။ဒါပေမဲ့ အခု ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အနီးစပ်ဆုံး ချိန်ထိုးနိုင်ဖို့က ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်ပုံစံမျိုး လုပ်ပိုင်ခွင့် ပေး၊ မပေး ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် မူတည်ပါတယ်။၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အချိန်ခြောက်လ ကြိုတင်ကြေညာတယ်။ မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲနေ့မတိုင်ခင် ၉၂ ရက် ကြိုတင်ခွင့်ပြုပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ရက်ပေါင်း ၈၀ နီးပါး၊ ၂၀၁၂ ခုနှစ်မှာ ရက်ပေါင်း ၄၀ ကျော် မဲဆွယ်စည်းရုံးခွင့်ကို ကြိုတင်ထုတ်ပြန်ပါတယ်။အခု ၂၀၁၅ ခုနှစ်မှာ မဲဆွယ်စည်းရုံးခွင့်အတွက် ကန့်သတ်ချက် ပိုများလာပါတယ်။ မဲဆွယ်စည်းရုံးခွင့် ကာလဆိုတာကို သီးခြားသတ်မှတ်ခဲ့တယ်။ မူလသတ်မှတ်ချက်မှာ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့ မတိုင်ခင် ရက်ပေါင်း ၃၀ အလိုမှာ စတင်စည်းရုံးခွင့်ပြုမယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေအတွက် လုံလောက်တဲ့အချိန် မဖြစ်နိုင်ပါဘူး။ ဒီအတွက် အချိန်တိုးပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၃၀ အစား ၆၀ ပြောင်းလဲသတ်မှတ်ပေးမယ်လို့ ပြင်ဆင်မှုအတွက် နှုတ်ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အမိန့်ကြေညာစာအနေနဲ့ တရားဝင်ထွက်လာခြင်း မရှိသေးပါဘူး။ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အဲဒီညွှန်ကြားချက် ၁/၂၀၁၄ မှာ မဲဆွယ်စည်းရုံးခွင့်ကာလ ရက် ၃၀ သတ်မှတ်ချက် ပါလာတာဖြစ်ပြီး ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။အခုချိန်မှာ ရွေးကောက်ပွဲလုပ်မယ့်ရက် အတိအကျ မထွက်သေးသလို၊ မဲဆွယ်စည်းရုံးခွင့်အတွက် တရားဝင် ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။နိုင်ငံရေးပါတီတွေက တရားဝင်ထွက်ပေါ်မယ့် ရက်အတိအကျကို စောင့်ဆိုင်းနေပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲအတွက် အဓိကကျတဲ့ အခြေခံမဲစာရင်းပြုစုမှု မပြီးသေးပါဘူး။
(၅)
မေ ၁၄ ရက် ရန်ကုန်တွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံး အခြေခံမဲစာရင်းပြုစုမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။မေ ၂၅ ရက်၊ ဇွန် ၈ ရက်နဲ့ ဇွန် ၂၂ ရက်တွေမှာ အခြေခံမဲစာရင်းတွေကို ထပ်မံကြေညာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်မှာ အခြေခံမဲစာရင်းကို ၁၄ ရက်ကြာ ကြေညာပေးပါတယ်။ပထမဆုံး ကြေညာခဲ့တဲ့ အခြေခံမဲစာရင်းမှာတင် မှားယွင်းမှုတွေ ရှိခဲ့ပါတယ်။ တရားဝင်ပြောဆိုတဲ့ အချက်အလက်တွေအရ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ် မဲစာရင်းထဲမှာ ကိုယ့်နာမည်မပါလို့ လာရောက်လျှောက်ထားသူ ၄၅၀၀ ကျော်၊ ကိုယ်ရေးအချက်အလက် မှားနေလို့ ပြင်ဆင်ပေးဖို့ လျှောက်ထားသူ ၂၉၀၀ ကျော်၊ မဲစာရင်းမှာ သေဆုံးပြီးသူတွေအပြင် မပါဝင်သင့်သူတွေ ပါနေတဲ့အတွက် ကန့်ကွက်တင်ပြခဲ့သူ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ဒါဟာ မဲစာရင်းမှာ ကိုယ့်အမည် ပါ၊ မပါ လာကြည့်ခဲ့သူတွေထဲက ထွက်လာတဲ့စာရင်း ဖြစ်ပါတယ်။ လာမကြည့်ဘဲ အလားတူ ဖြစ်ရပ်များစွာ ရှိနေနိုင်ပါတယ်။ကနဦး ထုတ်ပြန်ခဲ့တဲ့ အခြေခံမဲစာရင်းမှာ ပျှမ်းမျှအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် မှားယွင်းနေတဲ့အတွက် ပြန်ပြင်ပေးဖို့ NLD က တင်ပြခဲ့တာ ရှိပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ ဖွဲ့စည်းထားတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အဆိုအရ ကနဦးအခြေခံမဲစာရင်းမှာ ပျှမ်းမျှရာခိုင်နှုန်း ၅၀ လောက် မှားယွင်းမှု ရှိနေနိုင်တယ်လို့ သိရပါတယ်။ဥပမာအားဖြင့် ပုဇွန်တောင်မြို့နယ်မှာဆိုရင် မဲပေးပိုင်ခွင့်ရှိသူ ၂၂၀၀၀ နီးပါး ရှိပေမယ့် ၄၀ ရာခိုင်နှုန်းလောက်ပဲ မဲစာရင်းကို လာကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အိမ်ထောင်စု ကိုယ်စားပြုအနေနဲ့ လာကြည့်တာတွေကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပြီး ကိန်းဂဏန်းအားဖြင့် လူဦးရေ ၁၇၀၀ လောက်ပဲ မဲစာရင်းလာကြည့်ခဲ့တာ ဖြစ်ပါတယ်။ လာကြည့်တဲ့သူ အများစုမှာ မဲစာရင်းမှားယွင်းမှု ဖြစ်ခဲ့ပါတယ်။အခြေခံ မဲစာရင်းပိုင်းမှာတင် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး အချိန်မီ ပြီးပြည့်စုံတဲ့ စာရင်းထွက်ဖို့ စိန်ခေါ်မှု ဖြစ်နေပါတယ်။
(၆)
အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ မဲစာရင်း အတိအကျ ဖြစ်နိုင်ဖို့ ကူညီလုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေပြန်ပါတယ်။ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု လုပ်ကိုင်ပုံခြင်း တူညီမှု မရှိတာက ကွဲလွဲချက်တစ်ခု ဖြစ်နေပါတယ်။ရွေးကောက်ပွဲလုပ်မယ့်ရက် အတိအကျကို မသိရသေးတဲ့အတွက် သူတို့ အချိန်ဇယားချဖို့ ခက်ခဲနေပါတယ်။ ဥပမာအားဖြင့် မဲစာရင်းမှန်ကန်ဖို့ တစ်အိမ်တက်ဆင်း ကူညီဆောင်ရွက်ပေးမယ် ဆိုရင်တောင် အချိန်ကို တွက်ချက်ဖို့ အခက်အခဲ ရှိနေပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ လေ့လာစောင့်ကြည့်မယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်ပေမယ့် မပြေလည်သေးတာတစ်ချို့ ရှိနေပါတယ်။အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုအတွက် လျှောက်ထားမှုကို ရွေးကောက်ပွဲနေ့ မတိုင်ခင် ရက် ၃၀ ကြိုတင်ဖို့ ကော်မရှင်က ပြောထားပါတယ်။ ဒါပေမဲ့ ရက် ၃၀ ပမာဏဟာ များလွန်းပြီး ပြင်ဆင်ချိန် ပိုရလိုတာကြောင့် ၁၅ ရက် ကြိုတင်ခွင့်ပြုဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ ဒီအတွက် ကွဲပြားတဲ့အဖြေ မထွက်သေးပါဘူး။၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ မဲရုံ ၄၀၀၀၀ ကျော် ထားရှိမှာ ဖြစ်ပါတယ်။ ဒီမဲရုံတွေကို ခြုံငုံမိတဲ့ စောင့်ကြည့်မှုအတွက် ပြင်ဆင်ရမှာတွေ အများကြီး ရှိနေပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေအပြင်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကြားမှာပါ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲလုပ်မယ့်ရက်ကို ကြေညာပေးဖို့ လိုနေပါတယ်။
(၇)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မပြီးပြတ်သေးတာတွေ၊ ဆက်လုပ်ရမှာတွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်မယ့်ရက် အမြန်ဆုံး ထွက်ပေါ်ရေးက လိုအပ်ချက် ဖြစ်နေပါတယ်။ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ အဓိက အချက်နှစ်ချက် ရှိပါတယ်။ပထမတစ်ချက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ နိုင်ငံရေးဆွေးနွေးပွဲကြောင့် ဖြစ်ပါတယ်။မေ ၁၅ နဲ့ ၁၆ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ ရှစ်ပါတီ ဆွေးနွေးပွဲမှာလည်း ဒီအချက်ကို ပြောခဲ့တာ ရှိပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အကြောင်းပြုပြီး အထွေထွေရွေးကောက်ပွဲရက် ရွှေ့ဆိုင်းတာမျိုး မလုပ်ဖို့ အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့ကြပါတယ်။ဒုတိယအချက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုနဲ့ပါ ဆက်စပ်နေပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် ကော်မရှင် အခက်အခဲရှိမယ်လို့ မေ ၁၄ ရက်က ပြောခဲ့ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကို NLD အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး လိုလားကြပါတယ်။ အရေးကြီးတဲ့ အချက်တွေ ပြင်ဖို့ဆိုရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မှသာ ပြင်ဆင်နိုင်မှာပါ။ဒီအချိန်မှာပဲ ရွေးကောက်ပွဲလုပ်မယ့်နှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရင် အခက်အခဲတွေ့မယ်ဆိုတဲ့ ပြောဆိုမှုက ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်မလား ဒါမှမဟုတ် ရွေးကောက်ပွဲကို လုပ်မလား၊ နှစ်တစ်နှစ်ထဲမှာ နှစ်ခုစလုံးလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။အလားတူပဲ တိုင်ပြည်တည်ငြိမ်ရေးအတွက် အဖြေရှာနိုင်မယ့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယအကြိမ် ပြန်မစနိုင်သေးပါဘူး။ပထမအကြိမ် တွေ့ဆုံမှုမှာလည်း ထူးခြားတဲ့အဖြေ မရှိခဲ့ပါဘူး။ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲက တုံ့နှေးနေတယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံတည်ငြိမ်အေးချမ်း တိုးတက်လိုရင် ဆွေးနွေးပွဲကို ဆောလျင်စွာနဲ့ ခဏခဏလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေ ၁၆ ရက် မွန်ပြည်နယ်လူထုနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို မေ ၁၁ နောက်ပိုင်း ထပ်လုပ်နိုင်ခြေရှိကြောင်း ပြောခဲ့ပေမယ့် အခုချိန်အထိ ပြန်မစနိုင်သေးပါဘူး။
(၈)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။အခြေခံမဲစာရင်းနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ စိတ်ချရတဲ့ အခြေအနေ မရောက်သေးပါဘူး။မေ ၁၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများတွေ့ဆုံပွဲ၌ တံဆိပ်တုံးထု ဆန္ဒမဲပေးခြင်း သရုပ်ပြမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
မဲပေးမှု နည်းစနစ်ပိုင်းမှာ အရင်လုပ်ခဲ့တဲ့ ပုံစံကို ပြောင်းလဲပါလိမ့်မယ်။ အရင်ရွေးကောက်ပွဲတွေမှာလို အမှန်ခြစ် မဲပေးတာ မဟုတ်ဘဲ လေဆာတံဆိပ်တုံးနှိပ် မဲပေးရပါမယ်။ ပြောင်းလဲလိုက်တဲ့ ပုံစံအရ ပယ်မဲအရေအတွက် နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ မဲပေးမယ့် စာရွက် အမျိုးအစားနဲ့ မင် အမျိုးအစားကို မသိရသေးပါဘူး။ စာရွက် အမျိုးအစား၊ မင် အမျိုးအစား ညံ့ဖျင်းရင် ပယ်မဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ကြိုတင်မဲကိစ္စမှာ အရင်ကထက် ပွင့်လင်းလာနိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ရပါဦးမယ်။လမ်းကြောင်းမှန်ပေါ် ရှိနေတယ်လို့ ယူဆနိုင်စရာ ရှိပေမယ့် ရွေးကောက်ပွဲလုပ်မယ့်ရက် ထုတ်ပြန်မှု နှောင့်နှေးနေမယ်ဆိုရင် နိုင်ငံရေးပါတီတွေ အခက်အခဲ ပိုတွေ့နိုင်ပါတယ်။ရွေးကောက်ပွဲ ဥပဒေတွေအရ ရွေးကောက်ပွဲရက်ကို ကြိုတင်ကြေညာရမယ်လို့သာ ဖော်ပြထားပါတယ်။ ဘယ်လောက်ကြိုတင် ကြေညာရမယ်ဆိုတဲ့ ရက်အတိအကျ မရှိပါဘူး။ ဒါကို ကိုင်စွဲပြီး နှောင့်နှေးနေလို့ မဖြစ်ပါဘူး။ရွေးကောက်ပွဲ လုပ်မယ့်ရက်ကို ၁၉၉၀ ပြည့်နှစ်မှာ အချိန်ခြောက်လ ကြိုတင်ကြေညာတယ်၊ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ အချိန်သုံးလ ကြိုတင်ကြေညာပါတယ်။ ၂၀၁၅ ခုနှစ်အတွက် အချိန်သုံးလ ဆိုတာထက် ပိုမိုဆောလျင်စွာ ကြေညာရပါမယ်။ ဇူလိုင်အထိ မစောင့်ဘဲ ဇွန်လအတွင်း ကြေညာသင့်ပါတယ်။ရွေးကောက်ပွဲ လုပ်မယ့်ရက်ကို လာမယ့်လအတွင်း မကြေညာဘူး၊ မဲဆွယ်စည်းရုံးခွင့် ကာလကိုလည်း ရက် ၆၀ နဲ့အထက် မသတ်မှတ်ပေးဘူးဆိုရင် ရွေးကောက်ပွဲဟာ သန့်ရှင်းလွတ်လပ် တရားမျှတနိုင်ခြေ အလွန်နည်းပါလိမ့်မယ်။ရွေးကောက်ပွဲလုပ်မယ့်ရက် အတိအကျကို နှောင့်နှေးခြင်း မရှိဘဲ ကြေညာခြင်းနဲ့ လုံလောက်တဲ့ မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ပေးခြင်းက ရွေးကောက်ပွဲအပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမာသမတ်ကျမှုအပေါ် အကဲဖြတ်မယ့် ပထမခြေလှမ်း ဖြစ်ပါတယ်။
အခြေခံမဲစာရင်း ပြုစုခြင်းနှင့်ပတ်သက်၍ မဲဆန္ဒရှင် ပြည်သူများ သိနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြုစုထားသော သိမှတ်ဖွယ်ရာ အမေးအဖြေများ■ မိမိ၏ အမည်စာရင်းမှာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှု ရှိ၊ မရှိ မည်သည့်နေရာတွင် ပါဝင်နေသည်ကို မည်သို့ သိနိုင်သနည်း။မိမိသည် ထွေအုပ်လူဦးရေ စာရင်းများနှင့်/သို့မဟုတ် အိမ်ထောင်စုစာရင်းများ (ပုံစံ ၆၆/၆) တို့တွင် စာရင်းပါဝင်နေပါက အခြေခံမဲဆန္ဒစာရင်းတွင်လည်း ပါဝင်မည်သာဖြစ်ပြီး စာရင်းသွင်းရန် မလိုပါ။ သို့သော် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာချိန်တွင် မဲပေးခွင့်ရသူ မဲဆန္ဒရှင် တစ်ဦးချင်းအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိ၏အမည်ကို စစ်ဆေးရန် အရေးကြီးပါသည်။ ယင်းမှာ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည် ပါ၊ မပါနှင့် အမှားပြင်ဆင်ရန် လိုအပ်ခြင်း ရှိ၊ မရှိကို စစ်ဆေးခြင်းပင် ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း၌ မိမိနာမည် မပါဝင်ကြောင်း (သို့မဟုတ်) မိမိနာမည် မှားယွင်းနေကြောင်း တွေ့ရှိပါက ပြန်လည်ပြင်ဆင်ချက်အတွက် သတ်မှတ်ပုံစံကို ဖြည့်ရမည်ဖြစ်သည်။မိမိအနေဖြင့် အခြားမြို့နယ် တစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး မိမိ၏ အမည်စာရင်းကို လွှဲပြောင်းခြင်း မပြုလုပ်ရသေးပါက မိမိသည် အိမ်ထောင်စုစာရင်းရှိရာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နေမည်ဖြစ်သည်။ မိမိအနေဖြင့် အလုပ်လုပ်ကိုင်နေရာ မြို့နယ်သစ်တွင် မဲပေးလိုပါက ယင်းမြို့နယ်တွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ နေထိုင်ပြီးဖြစ်ကြောင်း သက်သေပြရမည်။■ မိမိ၏ အမည်သည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် စစ်ဆေးနိုင်သနည်း။မိမိ၏အမည် ပါဝင်သည့် အခြေခံမဲဆန္ဒရှင် စာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။ ယင်းစာရင်းကို အဆောက်အဦအတွင်းရှိ ကြေညာချက်ကပ်ထားရာ နံရံပေါ်တွင် တွေ့နိုင်ပါသည်။ မိမိ၏ အမည်အား မည်သည့်အချိန်တွင် လာရောက်စစ်ဆေးရမည်ကို မဲဆန္ဒရှင် ပညာပေးခြင်း ပိုစတာများနှင့် အများပြည်သူ ထုတ်ပြန်ကြေညာချက်များဖြင့် အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။■ မိမိ၏ အမည်သည် မဲဆန္ဒရှင်စာရင်း၌ ပါဝင်ခြင်း ရှိ၊ မရှိကို မည်သည့်အချိန်တွင် စစ်ဆေးနိုင်သနည်း။ အချိန်ကာလ မည်မျှကြာအောင် စစ်ဆေးခွင့်ပြုသနည်း။အခြေခံမဲ ဆန္ဒရှင်စာရင်းကို ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်းနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ၁၄ ရက်တိုင်တိုင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ ထုတ်ပြန်ကြေညာမည့်ရက်စွဲ အတိအကျကိုမူ ယင်းရက်မတိုင်မီ အနည်းဆုံးတစ်ပတ်ခန့် ကြိုတင်၍ အများပြည်သူ ထုတ်ပြန်ကြေညာချက်များနှင့် မဲဆန္ဒရှင် ပညာပေးခြင်း ပိုစတာများမှတစ်ဆင့် အသိပေးကြေညာမည် ဖြစ်ပါသည်။■ မဲဆန္ဒရှင်စာရင်းပါ မိမိအမည်မှာ မှန်ကန်မှု မရှိပါက မိမိအနေဖြင့် မည်သည့်ပုံစံများကို ထပ်မံဖြည့်သွင်း ရမည်နည်း။အခြေခံမဲဆန္ဒရှင်စာရင်းပါက မိမိအမည်မှာ မှန်ကန်ရှိပါက မိမိအမည်သည် နောက်ဆုံးမဲဆန္ဒရှင် စာရင်းတွင်လည်း အလိုအလျောက် ပါဝင်သွားမည်ဖြစ်ရာ တစ်စုံတစ်ရာ ထပ်မံလုပ်ဆောင်ရန် မလိုတော့ချေ။ သို့သော် မဲဆန္ဒရှင်စာရင်းအား ထပ်မံဖြည့်စွက်ခြင်း၊ အမှားပြင်ဆင်ခြင်းနှင့် ကန့်ကွက်မှု တစ်စုံတစ်ရာ ပြုလုပ်ရန် လိုအပ်နေသည်ဆိုပါက အောက်ဖော်ပြပါ ပုံစံသုံးမျိုးကို ဖြည့်ရမည်။■ အမည်စာရင်း ထည့်သွင်းခြင်း ပုံစံ (၃)မိမိသည် အမြဲတမ်း အခြေချနေထိုင်သူ (သို့မဟုတ် မဲပေးခွင့်ရသည့် အိမ်ထောင်စုတွင် မိသားစုဝင်) ဖြစ်သော်လည်း မိမိ၏အမည်ကို အခြေခံမဲဆန္ဒရှင် စာရင်းတွင် မပါဝင်သည်ကို တွေ့ရှိပါက ပုံစံ (၃) ကို ဖြည့်သွင်း၍ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ကာ တင်သွင်းရမည်။■ ကိုယ်ရေးအချက်အလက် ပြင်ဆင်ခြင်း ပုံစံ (၄-ဂ)မိမိအမည်သည် အခြေခံမဲဆန္ဒရှင် စာရင်းတွင် ပါဝင်သော်လည်း (အမည်၏ စာလုံးပေါင်းသတ်ပုံ၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့ အစရှိသည့်) အသေးစိတ် အချက်အလက်များ မှားယွင်းနေသည်ကို မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင် တစ်ဥိးဦးက တွေ့ရှိပါ ပုံစံ (၄-ဂ)ကို ဖြည့်သွင်း၍ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ကာ တင်သွင်းရမည်။■ ကန့်ကွက်ခြင်း ပုံစံ (၄)မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများ ဥပမာ-ကွယ်လွန်ပြီးသူများ ပါဝင်နေသည်ကို တွေ့ရှိပါက ပုံစံ (၄) ကို ဖြည့်သွင်း၍ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ကာ တင်သွင်းနိုင်သည်။သက်သေအထောက်အထား ခိုင်လုံစွာ ပါရှိမှသာ ပုံစံပြည့်စုံသည်ဟု သတ်မှတ်မည်ဖြစ်သည်။■ ယင်းပုံစံများ ဖြည့်ခြင်း၊ တင်သွင်းခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက် ရှိပါသလား။ရှိပါသည်။ အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားသည့် ၁၄ ရက်အတွင်း ယင်းပုံစံများကို တင်သွင်းရမည်။ ရွေးကောက်ပွဲကျင်းပမည့်အကြောင်း ကြေညာပြီး မဲဆန္ဒရှင်စာရင်းထပ်မံ၍ ကပ်ထားကြေညာသည့်အခါ ခုနစ်ရက်သာ အချိန်ရရှိမည်ဖြစ်သည်။ ထိုကြေညာခြင်းသည် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။■ မိမိအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံပြင်ပ၌ နေထိုင်သူဖြစ်လျှင် မိမိအနေဖြင့် ဆန္ဒမဲပေးရန် စာရင်းသွင်းနိုင်ပါသလား။မဲပေးခွင့်ရရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံပြင်သို့ ရောက်ရှိနေထိုင်သော်လည်း မဲပေးခွင့်ရှိသည်ဟု ဥပဒေအရ ပြဋ္ဌာန်းပေးထားပါသည်။- ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံရုံးများနှင့် သံတမန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသူ သံတမန်များ၊ သက်ဆိုင်ရာနိုင်ငံတွင် အစိုးရက တာဝန်ပေးအပ် စေလွှတ်ထားသည့် အရပ်ဘက် ဝန်ထမ်းများ၊- နိုင်ငံပြင်ပရှိ နိုင်ငံတကာ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသူများ၊- အစိုးရ၏ ခွင့်ပြုချက်ဖြင့် အလုပ်လုပ်နေသည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊- အစိုးရ၏ စေလွှတ်မှုဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပညာတော်သင်များ၊- အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ