ဖီလာဒဲဖီးယားတွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံး

ဖီလာဒဲဖီးယားတွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံး
Published 13 May 2015

အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားတွင် မေ ၁၂ ရက်နှောင်းပိုင်းက ခရီးသည်တင် ရထားတစ်စင်း ဘီးချော်ပြီး မှောက်ခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ဝါရှင်တန်ဒီစီမှ နယူးယောက်သို့ ဦးတည်မောင်းနှင်စဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိခိုက်သူ ၆၅ ဦးရှိပြီး ခြောက်ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ ရထားခေါင်းတွဲနှင့် လူစီးတွဲခြောက်တွဲပါဝင်သည့် ရထားမှောက်ခဲ့ရာ မတော်တဆဖြစ်ပွားသည့် နေရာတွင် ကျိုးပဲ့နေသည့် သတ္တုစများ မှန်စများပြန့်ကျဲနေပြီး ရထားတွဲတစ်တွဲမှာ မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ကြောင်း သိရသည်။ “ဒါ တော်တော်ဆိုးရွားတဲ့ ဖြစ်စဉ်ပါဘဲ။ ကျွန်တော့်တစ်သက်လုံးမှာတောင် ဒီလိုမျိုးဖြစ်တာ မတွေ့ဖူးပါဘူး” ဟု ဖီလာဒဲဖီးယားမြို့တော်ဝန် မီရှယ်နတ်တာက ပြောကြားခဲ့သည်။(Photo:AFP)
(Photo:AFP)
ရထားလမ်းချော်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အစိုးရအရာရှိများက ခန့်မှန်းပြောကြားခဲ့ခြင်း မရှိခဲ့ကြသော်လည်း အချို့သော ကျွမ်းကျင်ပညာရှင်များက ဘီးပြဿနာ  သို့ သံလမ်းချွတ်ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု ဆိုခဲ့ကြသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ Amtrak မှ ရထားအမှတ် ၁၈၈ ၏ ရထားခေါင်းသည် အကွေ့တွင် လှုပ်ခါယမ်းသွားပြီးနောက် နောက်တွဲများက ဘီးချော်သွားခြင်းဖြစ်သည်ဟု သိရသည်။ရထားပေါ်တွင် ခန့်မှန်းခြေ ခရီးသည် ၂၄၃ ဦးနှင့် ရထားဝန်ထမ်းငါးဦး လိုက်ပါလာကာ ည ၉ နာရီခွဲတွင် မတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူဦးရေသည် အစောပိုင်း တွေ့ရှိချက်များအရသာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နတ်တာက ပြောကြားခဲ့သဖြင့် သေဆုံးဒဏ်ရာရသူဦးရေ ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေဖြစ်သည်။ မီးသတ်သမားများ၏ ပြောကြားချက်အရ ဆိုးရွားစွာ ပျက်စီးနေသည့် ရထားတွဲများထဲမှ လူများကို ထုတ်နိုင်ရန် အရည်ဖိအားသုံး စက်ပစ္စည်းများကို အသုံးပြုခဲ့ရသည်ဟု သိရသည်။ “အခုလို ပုံပျက်ပန်းပျက် ပျက်စီးသွားတာမျိုး တခါမှ မမြင်ဖူးပါဘူး။ ရထားဟာ လမ်းပေါ်ကနေ လုံးဝလမ်းချော်ပြီး လုံးဝပျက်စီးသွားပါတယ်” ဟု မီးသတ်တပ်ဖွဲ့မှ ကော်မရှင်နာ ဒါရစ်ဆော်ရာက ပြောကြားခဲ့သည်။(Photo:AFP)
ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် ပင်ဆယ်ဗေးနီးယားအမတ်ဟောင်း ပတ်ထရစ်မာဖီ၏ ပြောကြားချက်အရ ရထားသည် တစ်နာရီ ၆၀ မှ ၇၀ မိုင်နှုန်းကြား သွားနေစဉ် ရုတ်တရက်လမ်းချော်ကာ လိမ့်သွားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ရထားအမှတ် ၁၈၈ သည် ဝါရှင်တန်မှ ည ၇ နာရီ ၁၀ မိနစ်တွင်ထွက်ပြီး နယူးယောက်သို့ ၁၀ နာရီ ၃၄ မိနစ်တွင် ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ Amtrak မှ ပြေးဆွဲနေသည့် ထိုရထားတွင် ထိုင်ခုံခါးပတ်များမပါဟု သိရသည်။Ref:AFP

Most Read

Most Recent