နီပေါ၌ ပြင်းအား ၇ ဒသမ ၃ အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

နီပေါ၌ ပြင်းအား ၇ ဒသမ ၃ အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့
Published 12 May 2015

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော် အနီးတွင် အင်အား ၇ ဒသမ ၃ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အမေရိကန်ဘူမိ လေ့လာရေးအဖွဲ့ USGS က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ခတ္တမန္ဒူမြို့တော် အရှေ့ဘက် ၄၇ မိုင်အကွာတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ၁၅ ကီလိုမီတာအနက်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ပြောကြားခဲ့သည်။
ဧပြီ ၂၅ ရက်က နီပေါတွင် အင်အား ၇ ဒသမ ၈ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၈၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့နောက် ငလျင်ငယ်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် အင်အားပြင်း ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယခုလှုပ်ခတ်ခဲ့သော ငလျင်သည် တစ်မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး မြို့တော်တစ်ဝန်းတွင် အထိတ်တလန့် ဖြစ်ခဲ့သည်။ ယင်းငလျင်ကို ကီလိုမီတာ ၁၀၀၀ ကျော်ဝေးသော အိန္ဒိယမြို့တော် နယူးဒေလီတွင် အဆောက်အအုံများ တုန်လှုပ်ခဲ့ပြီး လူအများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယမြောက်ပိုင်းရှိ အခြားမြို့များတွင်လည်း ငလျင်ကို ခံစားခဲ့ရပြီး လူအများ လမ်းပေါ်တွင် စုဝေးရောက်ရှိခဲ့ကြောင်း ရုပ်သံများက ထုတ်လွှင့်ခဲ့သည်။ အင်းအားပြင်း ငလျင်လှုပ်ခဲ့ပြီးနောက် မိနစ်အနည်းငယ်ကြာတွင် ၅ ဒသမ ၆ အင်အားရှိသော ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း USGS က ဆိုသည်။
ဧပြီ ၂၅ ငလျင်ကြောင့် ခတ္တမန္ဒူ၏ နေရာအများအပြား ပျက်စီးခဲ့ပြီး လူအမြောက်အမြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဒုက္ခသည်များကို အကူအညီပေးရန် ကမ္ဘာတစ်ဝန်းမှ ကယ်ဆယ်ရေး အဖွဲ့များက ကြိုးပမ်းနေကြဆဲဖြစ်သည်။
Ref: AFP
 

Most Read

Most Recent