သူပုန်အဖွဲ့များ၏ အပြုသဘော တုံ့ပြန်မှုကြောင့် ယီမင်အပစ်အခတ်ရပ်စဲရေး အရှိန်မြင့်လာ

သူပုန်အဖွဲ့များ၏ အပြုသဘော တုံ့ပြန်မှုကြောင့် ယီမင်အပစ်အခတ်ရပ်စဲရေး အရှိန်မြင့်လာ
Published 11 May 2015

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က သီတင်းခြောက်ပတ်ကျော်ကြာအောင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယီမင်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး အားထုတ်မှုများ မေ ၁၀ ရက်တွင် အရှိန်ရလာပြီဖြစ်ကြောင်း သိရသည်။ သူပုန်များကလည်း အပြုသဘောဆောင်သော တုံ့ပြန်မှုမျိုး ပြုလုပ်မည်ဟု ပြောကြားခဲ့ပြီး သူတို့၏ မဟာမိတ်များသည်လည်း အမေရိကန်က ကြီးမှူးသည့် အပစ်အခတ်ရပ်စဲရေးကို လက်ခံမည်ဟု ဆိုသည်။ယီမင်နိုင်ငံ၏ ကျယ်ပြန့်သောအပိုင်းကို သိမ်းပိုက်ထားသည့် ရှီအိုက်သူပုန်များကို ကူညီနေသည့် အစိုးရစစ်တပ်မှ ခွဲထွက်သွားသည့် တပ်များကလည်း ဆော်ဒီက ကမ်းလှမ်းသည့် မေ ၁၂ ရက်မှစ၍ လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ပြောကြားခဲ့သည်။သူပုန်များကမူ ဆော်ဒီ၏ ကမ်းလှမ်းချက်ကို ပွင့်ပွင့်လင်းလင်း ရည်ညွန်းခြင်း မရှိသော်လည်း ထိခိုက်ခံစားနေရမှုများကို အထောက်အကူပြုသည့် မည်သည့်အားထုတ်မှု၊ မည်သည့်တောင်းဆိုမှုနှင့် မည်သည့်နည်းလမ်းတို့ကိုမဆို အပြုသဘောဆောင်သည့် တုံ့ပြန်မှုပြုလုပ်ရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။ဆော်ဒီဘုရင်ဆယ်လ်မန်ကမူ အပစ်အခတ်ရပ်စဲရေးကိစ္စကြောင့် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အမေရိကန်-ပင်လယ်ကွေ့ နိုင်ငံများတို့၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဘဲ အသစ်ကြေညာလိုက်သည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်နာယက်ကို ဆော်ဒီကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်စေလျက် စေလွှတ်မည်ဖြစ်သည်။ဆယ်လ်မန်သည် ထိပ်သီးအစည်းအဝေး စီစဉ်ထားသော အချိန်နှင့် ယီမင်၌စီစဉ်ထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတို့ကြောင့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ဝါရှင်တန်ရှိ ဆော်ဒီသံရုံးက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသည်။လတ်တလောအချိန်တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က စင်းလုံးငှားထားသော သင်္ဘောတစ်စင်းသည် လောင်စာဆီများကို သယ်ဆောင်လျက် အနောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော ဟိုဒေးဒါ၌ ဆိုက်ကပ်ထားကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။MV Amsterdam သင်္ဘောသည် လောင်စာဆီ ၃၀၀,၀၀၀ လီတာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အထောက်အပံ့ပစ္စည်းများကို သယ်ဆောင်လာပြီး ဒုတိယမြောက်သင်္ဘော တစ်စင်းသည်လည်း နောက်ထပ်လောင်စာဆီ ၁၂၀,၀၀၀ လီတာကို သယ်ဆောင်လာရန် စီစဉ်ထားသည်ဟု ဆိုသည်။ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ ညွန်ကြားရေးမှူး ပါနီမာကာရှစ်က လောင်စာများကို သယ်ဆောင်လာရခြင်းသည် စားနပ်ရိက္ခာ အထောက်အပံ့များ အရေးပေါ် လိုအပ်နေသည့် သိန်းနှင့်ချီသော လူများထံသို့ အကူအညီပစ္စည်းများ ရောက်ရှိနိုင်စေရန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။Ref:AFP

Most Read

Most Recent