ဖိလစ်ပိုင်မြောက်ပိုင်းသို့ အင်အားပြင်း တိုင်ဖွန်းနူ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူနှစ်ဦးသေဆုံး

ဖိလစ်ပိုင်မြောက်ပိုင်းသို့ အင်အားပြင်း တိုင်ဖွန်းနူ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူနှစ်ဦးသေဆုံး
Published 11 May 2015

ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းစွန်းဒေသသို့ မေ ၁၀ ရက်က အင်အားကြီး တိုင်ဖွန်းနူ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အရာရှိများက မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။မုန်တိုင်းလမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသူ ၃၀၀၀ ကျော်သည် မေ ၁၀ ရက်နေ့နှောင်းပိုင်းတွင် နေအိမ်များသို့ ပြန်လာကြပြီဖြစ်သည်။ တစ်နာရီလေတိုက်နှုန်း ၁၃၇ မိုင် (၂၂၀ ကီလိုမီတာ) ရှိသည့် တိုင်ဖွန်းနူသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ ဝင်ရောက်လာသည့် စတုတ္ထမြောက်မုန်တိုင်းဖြစ်ကာ အပြင်းထန်ဆုံးလည်းဖြစ်ကြောင်း သိရသည်။မေ ၈ ရက်ကတည်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ထုတ်ပြန်ထားသည့် သတိပေးချက်တို့ကို လူအများစုက အလေးထားကြသဖြင့် လူသေဆုံးမှု အများအပြားရှိမည်ဟု မမျှော်မှန်းထားကြောင်း အာဏာပိုင်တို့က ပြောကြားခဲ့ကြသည်။ “အရင်မုန်တိုင်းတွေတုန်းက ရရှိတဲ့ သင်ခန်းစာတွေကြောင့် လူတွေဟာ ကျွန်တော်တို့ရဲ့ သတိပေးချက်တွေကို နားထောင်ကြပါတယ်” ဟု အရှေ့မြောက်ပိုင်းဒေသမှ ပြည်သူ့ကာကွယ်ရေးဒါရိုက်တာ နော်မာတယ်လိုဆစ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။သေဆုံးခဲ့သူ နှစ်ဦးမှာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် သူ၏သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြသည်။ တိုင်ဖွန်းနူသည် အပါရီမြို့သို့ စတင်ဝင်ရောက် တိုက်ခတ်ချိန် မေ ၁၀ ရက် နံနက်ပိုင်းက ၎င်းတို့နှစ်ဦးသည် သူတို့၏နေအိမ်ကို ပြင်ဆင်နေရာမှ ဓာတ်လိုက်၍ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။လှိုင်းကြီးခြင်း၊ အပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ အိမ်ခေါင်မိုးများလွင့်ခြင်း၊ ဓာတ်တိုင်များကျိုးခြင်းနှင့် ကောက်ပဲသီးနှံများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သည်အထိ လေအားပြင်းထန်ကြောင်း နိုင်ငံပိုင် မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် ယခုတိုင် ကြီးမားသည့်ပျက်စီးမှုသတင်းများ မရသေးကြောင်း တယ်လိုဆစ်က ပြောကြားခဲ့သည်။ ကမ်းရိုးတန်းမြို့ ဆန်တာအနာတွင် လေပြင်းများကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ကာ အုန်းပင်များအမြစ်မှ ကျွတ်ထွက်မှုများရှိပြီး အနည်းဆုံး မြို့ပေါင်းငါးမြို့တွင်လည်း မီးပြတ်တောက်သွားသည်ဟု သိရသည်။တိုင်ဖွန်းနူသည် အဓိကကျွန်းလူဇွန်ကို တိုက်ခတ်ပြီးနောက် မေ ၁၁ ရက်တွင် မြောက်ပိုင်းရှိ ကျွန်းငယ်များသို့ ရောက်ရှိနေပြီး ဂျပန်နိုင်ငံသို့ ဦးတည်နေကြောင်း အစိုးရမိုးလေဝသ ခန့်မှန်းရေးဌာနက ထုတ်ပြန်ခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာထဲတွင် နောက်ထပ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေကာ ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်ထဲသို့ လာမည့်သီတင်းပတ် အစောပိုင်းတွင် ဝင်ရောက်လာနိုင်သည်ဟု သိရသည်။Ref:AFP

Most Read

Most Recent