လူကုန်ကူးမှု တိုက်ဖျက်ရေးအတွင်း ရွှေ့ပြောင်းအခြေချသူ ၂၀၀ နီးပါးကို ထိုင်းရဲများက ထိန်းသိမ်း

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွင်း ရွှေ့ပြောင်းအခြေချသူ ၂၀၀ နီးပါးကို ထိုင်းရဲများက ထိန်းသိမ်း
Published 10 May 2015

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တစ် ခုထဲတွင် ရွှေ့ပြောင်းအခြေချသူ ၂၀၀ နီးပါးကို ထိန်းသိမ်းထားကြောင်း ရဲများက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။ ထိုရွှေ့ပြောင်း အခြေချသူများကို လူကုန်ကူးသူများ၏ တောတွင်းအကျဉ်း စခန်းများထဲမှ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။                
ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက ထိုစိတ်ပျက်ဖွယ်ရာ ကုန်ကူးမှုကို ၁၀ ရက်အတွင်း အဆုံးသတ်ရန် ပြောကြားခဲ့ပြီးနောက် ဆောင်ခလာပြည်နယ်ထဲရှိ လူကုန်ကူးသူများကို ရဲများက နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ မလေးရှားနှင့် ထိစပ်နေသော ဆောင်ခလာ ပြည်နယ်ထဲတွင် မှောင်ခိုလမ်းကြောင်းများ အများအပြား ရှိနေသည်။
အကျင့်ပျက်သော အစိုးရအရာရှိများ၏ အကူအညီဖြင့် လည်ပတ်နေသည်ဟု နာမည်ကြီးသည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်း ခြင်းသည် အချိန်နှောင်းနေသော်လည်း လူကုန်ကူးသူများ၏ ခြေလှမ်းကို နောက်ဆုတ်စေလိမ့်မည်ဟု စောင့်ကြည့်သူများက ရှုမြင်နေကြသည်။
ဆောင်ခလာဒေသ တစ်ခုထဲမှ ထိန်းသိမ်းခဲ့သူ ၁၉၉ ဦးအနက် ၇၄ ဦးမှ မြန်မာမှလာသော ရိုဟင်ဂျာ လူမျိုးများဖြစ်ပြီး ၅၈ ဦးမှာ ဘင်္ဂလားဒေ့ရှ်လူမျိုးများ ဖြစ်ကြကာ ကျန် ၆၇ ဦးကို စုံစမ်းနေဆဲဖြစ်သည်။

ထိုင်းတောင်ပိုင်းမြို့Hat Yai တွင် ထိုင်းရဲတို့က ဖမ်းဆီးလာသည့် ရွှေ့ပြောင်းအခြေချသူဟု သံသယရှိသူများကို မေ ၇ ရက်က တွေ့ရစဉ် (Photo : AFP)
ထိုင်းအာဏာပိုင်များသည် လူကုန်ကူးမှု ဖြစ်ရပ်များကို မျက်ကွယ်ပြုထားသည့်အပြင် ပူးပေါင်းပါဝင်နေမှုများပင် ရှိနေသည်ဟု နှစ်ပေါင်းများစွာ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် ထိုင်းအာဏာပိုင်များ အလေးထား လုပ်ဆောင်နေကြောင်းကို ပြသလိုက်ခြင်း ဖြစ်ပေသည်။
ဆောင်ခလာတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သည့် အလောင်း ၃၃ လောင်းနှင့်အတူ လျှို့ဝှက်တောတွင်း စခန်းလေးခုကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်များအတွင်းက မြန်မာနိုင်ငံမှ မွတ်စလင်ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် အန္တရာယ်များသော ပင်လယ်ကိုဖြတ်သန်း၍ ထိုင်းတောင်ပိုင်းသို့ ရောက်ရှိလာခဲ့ကြကာ မလေးရှားနှင့် အခြားနေရာများသို့ သွားရောက်သူ အများအပြားလည်း ရှိသေးသည်။
ယင်းတို့အနက် ပင်လယ်ထဲ၌ သေဆုံးသွားသူ အများအပြားလည်း ရှိသလို ထိုင်းနိုင်ငံတောင်ပိုင်းမှ ဝေးလံခေါင်သီသော နေရာများတွင်ရှိသည့် အကျဉ်းစခန်းများ၌ ဖမ်းဆီးခံရသူ များစွာလည်းရှိသည်။ လူကုန်ကူးသူများသည် ထိုဖမ်းထားသူများ ပြန်လွှတ်ပေးရေးအတွက် ဆွေမျိုးနှင့် မိတ်ဆွေများထံမှ အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့် အထက် တောင်းခံကြသည်ဟု ထောက်လှမ်းရေးများက ပြောကြားခဲ့သည်။ မလေးရှားသို့ ရောင်းစားခံလိုက်ရသူ အများအပြားလည်းရှိသည်။
ထိုလူကုန်ကူးမှုကို တားဆီးရန်ပျက်ကွက်ခြင်း (သို့) ပူးပေါင်းပါဝင်မှုတို့ဖြင့် ထိုင်းရဲအရာရှိ ၅၀ ကျော်အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။   
Ref: AFP

Most Read

Most Recent