ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏တာဝန်မှာ ပြီးစီးနေပြီဖြစ်ပြီး ဥပဒေမူကြမ်းရေးဆွဲသည့်အဖွဲ့များက တင်ပြရန်သာကျန်ရှိတော့ကြောင်း တွဲဖက်အတွင်းရေးမှူးပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏တာဝန်မှာ ပြီးစီးနေပြီဖြစ်ပြီး ဥပဒေမူကြမ်းရေးဆွဲသည့်အဖွဲ့များက တင်ပြရန်သာကျန်ရှိတော့ကြောင်း တွဲဖက်အတွင်းရေးမှူးပြောကြား
Published 8 May 2015
စိုးမင်းထိုက်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏တာဝန်မှာ ပြီးစီးသလောက်ရှိနေပြီဖြစ်ပြီး ဥပဒေမူကြမ်းရေးဆွဲသည့်အဖွဲ့များက လွှတ်တော်သို့တင်ပြရန်သာ ကျန်ရှိတော့ကြောင်း အဆိုပါကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးစံပြည့်က မေ ၇ ရက်တွင် ပြောကြားသည်။တွဲဖက်အတွင်းရေးမှူးဦးစံပြည့်က "ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ကော်မတီအနေနဲ့ကတော့ အစီရင်ခံစာတင်သွင်းခဲ့တာရှိတာပေါ့နော်။ ကော်မတီရဲ့အစီရင်ခံစာတင်ပြခဲ့တာပဲရှိတယ်။ တင်ပြပြီးတော့ နောက်ပိုင်းမှာတော့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဖို့ အဆိုတစ်ခုတင်သွင်းခဲ့တာရှိပါတယ်။ ခြောက်ပွင့်ဆိုင်ကလည်း သူ့ဟာနဲ့သူ တွေ့နေရပေါ့လေ။ လွှတ်တော်ဘက်ကလည်း သူ့အစီအစဉ်အတိုင်း ဆက်လုပ်နေမှာပေါ့။ လွှတ်တော်မှာလည်း အခြားအရေးကြီးတဲ့ကိစ္စတွေရှိနေတော့ ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်ပြီးတော့ မလုပ်နိုင်ဘူးဖြစ်နေတယ်" ဟုပြောကြားသည်။မေ ၁၁ ရက်ပြန်စချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက,ကလည်း အမေရိကန်ခရီးစဉ်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြောခဲ့သည်များရှိကြောင်း၊ လွှတ်တော်ပြန်စချိန်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲမတိုင်ခင်နှင့်မဟုတ်ရင် ရွေးကောက်ပွဲကာလအတွင်းတွင် ပြီးပြတ်အောင်လုပ်မည်ဟု နာယကကြီးက ပြောကြားထားကြောင်း၊ ယင်းအစီအစဉ်များအတိုင်း ဆက်လုပ်သွားမည့်အနေအထားရှိကြောင်း ဦးစံပြည့်က ပြောကြားသည်။ဆက်လက်၍ "လွှတ်တော်နာယကကြီးအနေနဲ့လည်း သူပြောထားတာကို ဖြစ်အောင်လုပ်ရမှာပေါ့ဗျာ။ ဖြစ်အောင်မလုပ်ဘူးဆိုရင် အယုံအကြည်ဘယ်ရှိတော့မလဲ။ ဒါကြောင့်မို့ ဖြစ်အောင်လုပ်မှာပါ" ဟုပြောကြားသည်။ဥပဒေကြမ်းပူးပေါင်းကော်မတီထံကို ဥပဒေမူကြမ်းရေးဆွဲထားသည့်အဖွဲ့က မတင်သေးသည့်အတွက် မရောက်သေးခြင်းဖြစ်မည်ဖြစ်ကြောင်း၊  (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက ပြောထားသကဲ့သို့ ဆက်ပြီးတော့ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။"ဖွဲ့စည်းပုံပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီအနေဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်မှုမရှိသေးပါဘူး။ လက်ရှိကော်မတီကိုပဲ ဆက်လက်တာဝန်ပေးမှာလား။ ကော်မတီတစ်ခုထပ်ဖွဲ့မလားဆိုတာ မသိသေးဘူးပေါ့။ ကျွန်တော်တို့ကော်မတီရဲ့တာဝန်ကတော့ ပြီးသလောက်ဖြစ်သွားပြီလေ။ အဖွဲ့ကတော့ မဖျက်သိမ်းသေးဘူးပေါ့လေ။ ဆွေးနွေးမယ်ဆိုရင်လည်း ဥပဒေကြမ်းရေးဆွဲတဲ့အဖွဲ့တွေက တင်တော့မှာလေ။ တင်ပြီးရင် ဆက်ပြီးဆွေးနွေးသွားကြမှာပေါ့။ ဆွေးနွေးပြီး အတည်ပြုရုံလောက်ပဲကျန်တော့တယ်။ မူကြမ်းရေးဆွဲတာကတော့ လွှတ်တော်ကိုယ်စားလှယ်ထဲက ဘယ်ပါတီကမဆို ရေးဆွဲလို့ရပါတယ်" ဟု ဦးစံပြည့်ကပြောကြားသည်။

Most Read

Most Recent