(၁)၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသားတိုင်း အနာဂတ်တွင်အရေးပါသော နှစ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တရားမျှတသော ရွေးကောက်ပွဲဖြစ်လျှင် လည်းကောင်း၊ အကယ်၍ မဖြစ်လျှင်လည်းကောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့အတွက် တစ်နည်းတစ်ဖုံ ပြောင်းလဲစေပေလိမ့်မည်။
(၂) သယံဇာတပေါကြွယ်၀ (မြေပေါ် မြေအောက် သယံဇာတများ၊ ဘယ်သတ္တုများ၊ ရေသယံဇာတများစသည့်) သော်လည်း ဆင်းရဲနေတဲ့နိုင်ငံ၊ နှစ်ပေါင်း ၆၀ တိုင်ထိအောင်၊ ယနေ့အရှေ့တောင်အာရှ နိုင်ငံများတွင် ကာလအရှည်ကြာဆုံး ပြည်တွင်းစစ် ပဋိပက္ခများ မပြီးဆုံးသေးသောနိုင်ငံ၊ နိုင်ငံ၏ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဘက်စုံ ကျဆင်းခဲ့ရသော နိုင်ငံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီစေရန် လိုအပ်နေဦးမည်။ နိုင်ငံအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို ပြန်လည်ဖော်ဆောင်မှု အပေါ်တွင် များစွာအကျိုး သက်ရောက်ပေလိမ့်မည်။
(၃) ၂၀၁၅ ရွေးကောက်ပွဲတွင် ယခင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) မှ ဆင်းသက်လာသည့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ (NUP)၊ ယခင်တပ်မတော် အစိုးရလက်ထက်က ပြည်ထောင်စု ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးအသင်း (USDA) မှ ပြောင်းလဲဆင်းသက်လာသည့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဟစ်မန် ၁၉၉၀ ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စသည့် ထို့အပြင် တိုင်းရင်းသား ခေါင်းဆောင်အသီးသီး၏ တိုင်းရင်းသားပါတီ များ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ခဲ့သော ပါတီများ၊ အသစ်ထပ်မံဖွဲ့စည်းသော ပါတီများအစရှိသဖြင့် မကြုံစဖူးစုံလင်လှသော နိုင်ငံရေးပါတီများစွာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယူဆရသော ရွေးကောက်ပွဲကြီး ဖြစ ်လာတော့မည်ဟု ပြည်တွင်းပြည်ပမှ စောင့်မျှော်နေကြသည်။
(၄) ယင်းတို့၏ ပြိုင်ပွဲသည်မျှတစွာရှိ နေခဲ့လျှင်၊ မြန်မာ့သမိုင်းတွင် ရှိနေခဲ့သော မူဝါဒအားနည်းမှားယွင်းခဲ့မှုများ (Policy Mistakes)၊ သယံဇာတ မှားယွင်းစွာ အသုံးချမှုများ (Resouces Misallocations)၊ ဘဏ္ဍာရေး ဘတ်ဂျက်ခွဲဝေမှု ပြဿနာများ (Budgetallocation Problems) စသည့်တို့သည် ပို၍ပို၍ ကောင်းမွန်လာစေနိုင်ကာ၊ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးကို အမှန်သယ်ပိုးပေးနိုင်ကာ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ ပေါ်ထွက်လာပေမည်ဟုလည်း ယူဆနိုင်ပေလိမ့်မည်။
(၅) တစ်နည်းအားဖြင့် ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာအဖုံဖုံသည် ပြည်တွင်းရှိအင်အားများကို မစုစည်းနိုင်ခြင်း၊ သယံဇာတများနှင့် လူသားအရင်းအမြစ်များကို အမှန်အကျိုးရှိစွာ မသုံးစွဲနိုင်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသည်ဆိုသည်ကို သဘောပေါက်ကာ၊ လူဦးရေသန်း ၁၆၀ ကျော်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လူဦးရေသန်း ၁၃၀၀ ကျော်ရှိသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အဖြစ်၊ ပထဝီနိုင်ငံရေးအရ အချက်အချာကျသော နေရာဒေသတွင် ရှိနေခြင်းကလည်း မြန်မာနိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာတွင် လူတစ်ဦး(တစ်ဖွဲ့) (သို့) ပါတီတစ် ခုတည်းကသာ ပုံဖော်၍ မရတော့သည်ဆိုသည်ကို သိသာစေခြင်းပင် ဖြစ်သည်။
(၆) ထို့ကြောင့် ထိုအထက်ပါ နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများ၏ မိမိတို့နိုင်ငံကို ရေဘုယျကျကျ မည်သို့မည်ပုံ ပြန်လည်တည်ဆောက်မည်ဆိုသည့် လုပ်ငန်း စဉ်များ၊ လက်တွေ့ကျကျဆောင်ရွက်ရန်အ တွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ပေါင်းစည်း ညှိနှိုင်းဆွေးနွေးမှုများ၊ အထူးသဖြင့် မြန်မာ့စီးပွားရေးကို ကမ္ဘာ့စီးပွားရေးနှင့် မည်သို့ချိတ်ဆက်မည်နည်းဆိုသည့် အကောင်းဆုံးသော (အကောင်းဆုံးသော) အတွေးအခေါ်များနှင့် မူဝါဒများ လိုအပ်ပေလိမ့်မည်။
(၇) “နိုင်ငံရလျှင်ပြီးရော” ဟူသော သဘောဖြင့်လည်းကောင်း၊ “သူဖြူလျှင်ကိုယ် မည်းမည်” “သူမည်းလျှင်ကိုယ်ဖြူမည်” ဟူသော သဘောဖြင့်လည်းကောင်း၊ “အမျိုးသား အကျိုးစီးပွားထက် မိမိစီးပွား အကျိုးစီးပွား” ဟူသော သဘောဖြင့်လည်းကောင်း၊ “အမျိုးသားလုံခြုံရေးထက် မိမိလုံခြုံအေးချမ်းမှု” ဟူသော သဘောဖြင့်လည်းကောင်း လုပ်ဆောင်ပြလျှင်မူ၊ မြန်မာနိုင်ငံ၏ အနာဂတ်သည် “ရေရည်” တွင် သိပ်ကောင်းမည်ဟု မထင်ပါ။
(၈) ယနေ့ တိုးတက်ပြီး နိုင်ငံများနှင့် မတိုးတက်သော နိုင်ငံများ၊ တည်ငြိမ်အေးချမ်းသော နိုင်ငံများနှင့် မတည်ငြိမ် မအေးချမ်းသော နိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိသော Common Factors ကို သိရှိထားရန် လိုအပ်ပေမည်။
(၉) ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးလာနေပြီနှင့်အတူ မဲပေးပိုင်ခွင့် ရှိသူပြည်သူများ အနေဖြင့်လည်း မိမိတို့ဖြတ်သန်းခဲ့ရသော အတိတ်၊ လက်ရှိဖြတ်သန်း နေရသော ပစ္စုပ္ပန်နှင့် မိမိတို့မျှော်လင့်သော အနာဂတ်တို့ကို ပေါင်းခြုံစဉ်းစားကာ မည်သည့်နိုင်ငံရေး ခေါင်းဆောင်များနှင့် မည်သည့်နိုင်ငံရေးပါတီကို မဲပေးကာ စဉ်းစားဆုံးဖြတ်ကာ နိုင်ငံ၏အနာဂတ်ကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေလိမ့်မည်။
(၁၀) သို့မှသာ အနာဂတ်မြန်မာနိုင်ငံသည် ယနေ့ကာလတွင် ရှိနေဆဲဖြစ်သော ပြဿနာအများစုကို ပြေလည်အောင် ဆောင်ရွက်သွားပေးနိုင်သော ပူးပေါင်းဆောင်ရွက်မှုများ၊ စည်းလုံးညီညွတ်မှုများ ပို၍ပို၍အား ကောင်းစေပါလိမ့်မည်။ တစ်နည်းအားဖြင့် အပိုဒ်(၂) တွင် ရေးခဲ့သော အကြောင်းအရာများကို များစွာဖြေရှင်း နိုင်ပေလိမ့်မည်။ တစ်ဖန်အကယ်၍ အများမျှော်လင့် သကဲ့သို့သော မျှတသော ရွေးကောက်ပွဲ ဖြစ်မလာလျှင်၊ နိုင်ငံ၏ အနာဂတ်အမျိုးသား အကျိုးစီးပွား (National Economy)၊ အမျိုးသားလုံခြုံရေး (National Security) နှင့် အမျိုးသားစည်းလုံးညီညွတ်မှု (National Solidarity) တို့သည် အားကောင်းမောင်းသန် ဖြစ်လာစေရန် လွန်စွာခက်ခဲ နိုင်ပါလိမ့်မည်။
(၁၁) အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူ ပါဝင်ထိုက်သူအားလုံး မျှတစွာ ယှဉ်ပြိုင်နိုင်ပါက စုပေါင်းစဉ်းစား၊ စုပေါင်းတည်ဆောက်၊ စုပေါင်းကာကွယ်ခြင်းဟူသော အကျိုးရလဒ်များ (အသီးအပွင့်များ) ကို ခံစားရနိုင်ပြီ၊ “မလိုလားအပ်သော ထိပ်တိုက်တိုးမှုများ၊ မညီညွတ်မှုများ” ကိုလည်း လျော့နည်းသွားစေနိုင်ကာ မြန်မာနိုင်ငံ၏ ကမ္ဘာ့အလယ်တွင် ရှိသင့်ရှိထိုက်သော နေရာတစ်နေရာကို ပြန်လည်ရရှိ စေပါလိမ့်မည်။










