ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရ၍ ပါတီအောင်နိုင်ရေး၌ ဝင်ရောက်မဆောင်ရွက်ခြင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်

ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရ၍ ပါတီအောင်နိုင်ရေး၌ ဝင်ရောက်မဆောင်ရွက်ခြင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်
Published 7 May 2015
ကျော်ဇင်ဝင်း

ကိုယ်စားလှယ်လောင်း ဖြစ်လိုသူများ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရခြင်း၊ မိမိကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရခြင်းတို့ကြောင့် ပါတီအောင်နိုင်ရေးတွင် ဝင်ရောက်မဆောင်ရွက်ခြင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင် အဖွဲ့များ ဧပြီ ၂၇ ရက်မှ စတင်ကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က အတည်ပြုပြောကြားသည်။“ပြောသွားတာ ဟုတ်ပါတယ်။ ပါတီကို ဆန့်ကျင်ပြီးတော့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်တယ်ဆိုရင်ပေါ့လေ ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူခံရနိုင်တယ်ပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်ခွင့် ရှိပါတယ်။ သို့သော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်နိုင်တာကတော့ ရွေးချယ်မှာတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်မှာပေါ့။ အဲဒီလို ရွေးချယ်တဲ့အခါမှာ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံလိုပါတယ် ဆိုတဲ့သူက သူအရွေးမခံရလို့၊ ကျန်တဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီကနေ ရွေးချယ်ခံရတဲ့သူကို ဆန့်ကျင်ပြီးတော့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မယ်ဆိုလို့ရှိရင် NLD ပါတီအပေါ်မှာ သစ္စာဖောက်ရာ ရောက်ပါတယ်။ ရိုးရိုးထွက်သွားရင်တော့ သစ္စာဖောက်တာ မဟုတ်ပါဘူး” ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် အဆိုပါကိစ္စရပ်မျိုး အတွေ့အကြုံများ ရှိသဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ယခုကဲ့သို့ ကြိုတင်သတိပေးမှုများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တစ်ရက်လျှင် တိုင်းဒေသကြီး၊ ပြည်နယ်နှစ်ဖွဲ့နှုန်းစီဖြင့် ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ လေးရက်ကြာ ရှစ်ဖွဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မေ ၁ ရက်မှ ၃ ရက်အထိ ရုံးပိတ်ရက်များ ဖြစ်သဖြင့် ခေတ္တရပ်ဆိုင်းထားကာ မေ ၄ ရက်မှ စတင်ကာ ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေပြီး ပါတီအောင်နိုင်ရေးနှင့် စည်းရုံးရေးကိစ္စရပ်များ အဓိကထား ဆွေးနွေးကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း မပြုလုပ်ဟု အပြတ်ပြော၍ မရကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၉ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ I-12 ၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားထားသည်။သို့ရာတွင် တစ်ဖက်၌လည်း ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့များအား ဗဟိုအဆင့်မှ အောက်ခြေအဆင့်ဆင့်အထိ ဖွဲ့စည်းခြင်း၊ မဲစာရင်းစိစစ်ရေး အဖွဲ့များကိုလည်း ဗဟိုအဆင့်မှ အောက်ခြေအဆင့်ဆင့်အထိ ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent