ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ခုနစ်မြို့နယ်၌ အခြေခံမဲစာရင်းပြုစုမှု ပြီးစီးနေပြီး ကျန်မြို့နယ်အားလုံး ပြီးစီးမှသာ မဲစာရင်း ကြေညာမည်

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ခုနစ်မြို့နယ်၌ အခြေခံမဲစာရင်းပြုစုမှု ပြီးစီးနေပြီး ကျန်မြို့နယ်အားလုံး ပြီးစီးမှသာ မဲစာရင်း ကြေညာမည်
Published 6 May 2015

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ခုနစ်မြို့နယ်၌ အခြေခံမဲစာရင်းပြုစုမှု ပြီးစီးနေပြီး ကျန်မြို့နယ်အားလုံး ပြီးစီးမှသာ မဲစာရင်းကြေညာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြက ပြောကြားသည်။အဆိုပါ အခြေခံမဲစာရင်း ပြုစုပြီးစီးသည့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်ရှိ ခုနစ်မြို့နယ် မဲစာရင်းပြုစုခြင်း လုပ်ငန်းကို မတ် ၁၉ ရက်မှ ဧပြီ ၂၄ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ၁၀ မြို့နယ်၌ ဧပြီ ၂၄ ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။“အခုအခြေအနေကတော့ ဧပြီ ၂၄ ရက်က စတာဆိုတော့ ၁၀ ရက်ကျော်လောက်ပဲ ရှိသေးတာပေါ့။ သင်တန်းပို့ချတာနဲ့ ဘာနဲ့ဆိုရင် အဘတို့ ရာခိုင်နှုန်း ၂၀ လောက်ကတော့ ပြီးလောက်ပြီပေါ့။ သတင်းတွေက နေ့တိုင်းတိုးတက်မှု စာရင်းကိုလည်း အဘတို့ တောင်းနေတယ်။ ဒါပေမဲ့ မေလမကုန်ခင်တော့ ပြီးအောင်လုပ်နေတာပေါ့။ အဲဒီ ခုနစ်မြို့နယ်ကို ကြေညာဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ မြောက်ပိုင်းမြို့နယ်တွေပြီးမှ ပေါင်းပြီးတော့ ကြေညာမယ်” ဟု ဦးအောင်မြက ပြောကြားသည်။ထို့ပြင် ဧပြီ ၂၄ ရက်မှစတင်သည့် ကျန်ရှိမြို့နယ် ၁၀ ခု မဲစာရင်းပြုစုရာတွင် ကွန်ပျူ တာအလုံး ၃၀ ခွဲတမ်းထပ်မံရရှိခဲ့ပြီး လက်ရှိတွင် ကွန်ပျူတာ ၈၆ လုံးဖြင့် ရုံးပိတ်ရက်များတွင် ပြုစုလျက်ရှိကြောင်းနှင့် အခက်အခဲကြီးကြီးမားမား မရှိသော်လည်း ကွန်ပျူတာကျွမ်းကျင်သူ နည်းပါးသဖြင့် ပြီးသင့်သလောက်မပြီးကြောင်း ဦးအောင်မြက ဆက်လက်ပြောကြားသည်။ထို့အတူ ရခိုင်ပြည်နယ်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများ၏ မဲစာရင်းမှာ လက်ရှိတွင် မပါဝင်သော်လည်း White Card အား ပြန်လည်အပ်နှံသည့်သူများထဲမှ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာ၌ နိုင်ငံသားဖြစ်ခွင့် ရရှိသူများသည် ရွေးကောက်ပွဲမကျင်းမီ ထပ်မံကြေညာမည့် မဲစာရင်းတွင် အမည်စာရင်းပါဝင်ရေး လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။“ရွေးကောက်ပွဲနီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ချိန် လျှောက်လို့ရတယ်လေ။ အဲဒီကျတော့မှ သူတို့ပြန်ပါဖို့ များတာပေါ့။ အခုကတော့ အကြမ်းဖျင်းလေ။ အခြေခံကောက်ထားတာ” ဟု ဦးအောင်မြက ပြောကြားသည်။ရွေးကောက်ပွဲအတွက် အဓိကကျသော တစ်နိုင်ငံလုံးအဆင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ပထမအဆင့် အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိလည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိလည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ထိုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းပြုစုခြင်း ဆောင်ရွက်ရာတွင် ကနဦးမဲစာရင်း ပြုစုပြီးစီးသွားသည့် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌သာ ပြည်သူများ ကြည့်ရှုနိုင်ရန် အခြေခံမဲစာရင်း ကြေညာခြင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ ဆောင်ရွက်ထားနိုင်သေးသည်။တစ်နိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းများကိုပြုစု၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရှိ ကွန်ပျူတာ အချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် လွှင့်တင်ထားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent