ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ မရောက်ရှိသေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ မရောက်ရှိသေး
Published 6 May 2015
ဝေယံဖြိုးဦး

မေ ၁၁ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းဆွေးနွေးရန်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းသည် လက်ရှိအချိန်အထိ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံ ရောက်ရှိလာခြင်း မရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက မေ ၆ ရက်တွင် ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရေးဆွဲလျက်ရှိကြောင်း သိရသည်။ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက “လွှတ်တော်ကိုတင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းက လက်ရှိအချိန်အထိ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီလက်ထဲကို မရောက်သေးဘူး။ ဒါပေမဲ့ အဲဒီဥပဒေကြမ်းက အားလုံးတော့ ပြင်ဆင်ပြီးနေပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်နေကြတာ။ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီကိုတော့ တရားဝင် ရောက်မလာသေးပါဘူး။ အခုတစ်ခေါက် လွှတ်တော်မတိုင်မီတော့ ဘယ်အချိန် ရောက်လာမလဲဆိုတာ မပြောတတ်သေးဘူး။ ရောက်လာမှပဲ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီ အနေနဲ့ လွှတ်တော်ကို တင်ရမှာပဲ” ဟု ပြောကြားသည်။မေ ၁၁ ရက်တွင် ပြန်စမည့် လွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရန် ရာခိုင်နှုန်း ၉၀ သေချာကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ကျန်ရှိသည့် ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု လွှတ်တော်မှ ဖွဲ့စည်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဧပြီ ၂၅ ရက်တွင် ပြောကြားထားသည်။

Most Read

Most Recent