စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာနိုင်ငံ၏ စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ချေးငွေထုတ်ချေးပေးမည်

စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာနိုင်ငံ၏ စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ချေးငွေထုတ်ချေးပေးမည်
Published 6 May 2015
အောင်မြတ်ကို၊ ဇော်ဝေ

စင်ကာပူအခြေစိုက် United Oversea Bank (UOB) ဘဏ်သည် စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်ငန်းများသို့ ချေးငွေထုတ်ချေးသွားရန်ရှိကြောင်း ရန်ကုန်မြို့ Park Royal ဟိုတယ်၌ မေ ၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။UOB ဘဏ်သည် ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချပေးခဲ့သည့် ဘဏ်ကိုးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံ ရုံးခွဲသည် မေ ၆ ရက်က လုပ်ငန်းစတင် လုပ်ကိုင်လျက်ရှိကြောင်းလည်း သိရသည်။UOB ဘဏ် မြန်မာနိုင်ငံ ရုံးခွဲအနေဖြင့် ပြင်သစ်-မြန်မာ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် Rangoon Excelsior Company ၏ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ တစ်ခုကို ဟိုတယ်အဖြစ် ပြုပြင်မွမ်းမံမည့် စီမံကိန်းကို စတင်ချေးငွေထုတ်ချေးလိုက်ကြောင်း အဆိုပါဘဏ် Country Manager Mr. Harry Loh က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။UOB ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်မရမီ အချိန်ကတည်းက အမေရိကန်အခြေစိုက် APR Energy ကုမ္ပဏီအား မန္တလေးတိုင်းဒေသကြီးတွင် ၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် စွမ်းအင်စီမံကိန်းအတွက် ချေးငွေထုတ်ချေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လှော်ကားတွင် Myanmar Central Power Company ကို ချေးငွေထုတ်ချေးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများသည် အရေးပါကြောင်း၊ ယင်းကဏ္ဍလေးခုသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် အဆိုပါကဏ္ဍလေးခုမှ မြန်မာနိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး၏ ရာခိုင်နှုန်း ၇၀ ဖြစ်သည့် ဒေါ်လာ ၁၅၄ ဘီလျံအထိ ရှာဖွေပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Mr. Harry Loh က ထည့်သွင်းပြောကြားသည်။ထို့အပြင် မြန်မာနိုင်ငံတွင်းသို့ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာမည့် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအတွက် အသင်းအဖွဲ့ဆိုင်ရာ ချေးငွေထုတ်ပေးခြင်း၊ စီမံကိန်းဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း၊ ပြည်တွင်းဘဏ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုများတွင် ကုန်သွယ်မှုနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာပံ့ပိုးခြင်းများကိုလည်း UOB ဘဏ်က အဓိက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် စီမံကိန်းများသို့ ထုတ်ချေးမည့် ပမာဏနှင့် ပတ်သက်၍ မေးမြန်းမှုများကို UOB ဘဏ်က လုပ်ငန်းများအတွက် လျှို့ဝှက်အပ်သောအရာ ဖြစ်သဖြင့် ထုတ်ပြောနိုင်ခြင်း မရှိကြောင်းလည်း Mr. Harry Loh ပြောကြားသည်။UOB ဘဏ်သည် အာရှ-ပစိဖိတ်၊ အနောက်ဥပရောနှင့် မြောက်အမေရိကရှိ နယ်မြေများရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ရုံးခွဲပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားပြီး တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ရုံးခွဲများ၊ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။