အလုပ်တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် ဘာကိုပဲလုပ်လုပ် သေချာစနစ်တကျ ပြင်ဆင်ပြီး ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေမှုတွေ ရရှိနိုင်မှာ မလွဲပါဘူး။ ကြီးမားတဲ့ လုပ်ငန်းတွေ မဆိုထားနဲ့ အသေးအဖွဲ လုပ်ဆောင်မှုလေးတွေပဲ ဖြစ်နေပါစေ စည်းစနစ်တကျနဲ့ ကြိုတင်ပြင်ဆင်မှုတွေရှိဖို့ လိုပါလိမ့်မယ်။ အဲ့ဒီလို ပြင်ဆင်ရာမှာလည်း ကိုယ်လုပ်မယ့်အလုပ်နဲ့ ပတ်သက်ပြီး လမ်းကြောင်းတစ်ခုကို သေချာရွေးချယ်ချမှတ်ဖို့ လိုမယ်ထင်ပါတယ်။ ဒါကလည်း ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းပေါ်မှာ ကြုံတွေ့လာရမယ့် အကောင်းအဆိုးတွေ အားလုံးဟာ ကိုယ်နဲ့သက်ဆိုင်ပြီး ကိုယ်တိုင်ဖြေရှင်း ရင်ဆိုင်ရမှာတွေ ဖြစ်နေလို့ပါပဲ။ပြီးခဲ့တဲ့လအတွင်းက အသိညီမလေးတစ်ယောက် အလုပ်ရှာနေပါတယ်။ သူက ဂျီတီစီကျောင်းက မေဂျာတစ်ခုနဲ့ ပြီးတယ်။ နောက်အဲ့ဒါနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ အပြင်မှာ တက်ထားတယ်။ တခြားလိုအပ်တဲ့ သင်တန်းတွေလည်း တက်ထားသေးတယ်ပေါ့။ သူအလုပ်ရှာတဲ့ အခါမှာတော့ ကျောင်းက ဘွဲ့လက်မှတ်တွေကော သင်တန်းဆင်းလက်မှတ်တွေကော တစ်ပုံတစ်ပင်နဲ့ပါ။ အဲ့ဒီကျောင်းတွေ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ အလုပ်ကိုပဲ သူရှာတယ်။ သူလျှောက်မယ့် လမ်းကြောင်းအတွက် သူရွေးချယ်ပြီးသား။ သူတက်ခဲ့တဲ့ ကျောင်းမေဂျာနဲ့ လိုအပ်မယ့် သင်တန်းတွေ ထပ်တက်ပြီး အလုပ်ကိုလည်း အဲ့ဒါတွေနဲ့ သက်ဆိုင်တာကိုပဲ ရှာတယ်။ အစပိုင်းကတည်းက သူ့လမ်းကြောင်းကို သူဖောက်ပြီး သူတက်ခဲ့တာတွေက အဆင်ပြေနေခဲ့တယ်။ ဒါပေမဲ့လည်း အလုပ်ရှာတဲ့ အခါမှာတော့ သူ့မှာ အခက်အခဲတွေ တွေ့လာရတော့တယ်။ အလုပ်ရှာတာ နှစ်လကျော် သုံးလထဲ ရောက်လာတဲ့အထိ သူ အလုပ်မရသေးဘူး။ ဘာကြောင့်လည်း အရင်းစစ်တဲ့ အခါမှာတော့ သူရွေးချယ်ထားတဲ့ လမ်းကြောင်းနဲ့ ပတ်သက်လို့ အလုပ်ခန့်အပ်မှု အပိုင်းမှာ ယောကျ်ားလေးတွေကိုသာ အဓိက ဦးစားပေး ရွေးချယ်တယ်ဆိုတာ သူသိသွားတယ်။ ဒါပေမဲ့လည်း သူ့အသိတွေဟာ နောက်ကျခဲ့ပါပြီ။ ကျောင်းတက်ခဲ့တဲ့အချိန် ငါးနှစ်ကျော်၊ ကျောင်းပိတ်ရက်တွေမှာ သင်တန်းတွေလည်း တက်ခဲ့သေးလို့ ကျောင်းပြီးနောက်ပိုင်း ဆက်တက်ခဲ့တဲ့ သင်တန်းတက်ချိန် တစ်နှစ်ကျော်၊ အဲ့ဒီအချိန်တွေဟာ သူ့အတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။သူရွေးချယ်ထားတဲ့ လမ်းကြောင်းအရ အချိန်ထပ်ယူပြီး အဲ့ဒီလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုကို ရအောင်ကြိုးစားကြည့်နိုင်တယ် ဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ သူကလည်း အလုပ်တစ်ခု အမြန်ရပြီး လုပ်ငန်းခွင်ဝင်တဲ့သူ ဖြစ်ချင်နေခဲ့ပြီ။ အဲ့ဒီမှာပဲ လမ်းကြောင်းတွေလွဲလို့ အလုပ်အမြန်ရနိုင်တဲ့ Marketing အလုပ်ကိုပဲ လျှောက်မယ်လို့ ကျွန်မကိုပြောလာတယ်။ ဒီမှာတင် ကျွန်မနဲ့ သူ့ရဲ့အစ်မဖြစ်တဲ့ ကျွန်မသူငယ်ချင်းနဲ့မှာ ပြောစရာတွေ ရှိလာပြီး လမ်းညွှန်ပေးဖို့ လိုနေပြီဆိုတာ သေချာသွားခဲ့ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ပထမကုန်ဆုံးခဲ့တဲ့ အချိန်တွေအပြင် ဘဝတစ်လျှောက်လုံးသူ မလိုလားတဲ့ လမ်းကြောင်းပေါ်ကိုပဲ လျှောက်သွားရတော့မယ်ဆိုတာ သေချာနေပါတယ်။ ကျွန်မတို့ သူ့ကို သေချာမေးခဲ့တယ်။ ညီမလေးဘဝရဲ့ အချိန်အတော်များများကို အဲဒီ Marketing အလုပ်နဲ့ အသက်မွေးတော့မှာလား။ သူများဆီမှာ အလုပ်လုပ်နေသမျှ ကာလပတ်လုံး Marketing လမ်းကြောင်းကို ရွေးချယ်မှာလားဆိုတာ မေးခဲ့ရပါတယ်။ သူက အဲ့ဒီလို မလုပ်ချင်ပါဘူး။ ဒီတော့ အဲ့ဒီလမ်းပေါ်ကို စတင်မလျှောက်လှမ်းဖို့ အတွက်ပဲ တားဆီးခဲ့ရပါတယ်။ဘာကြောင့် တားဆီးရလဲဆိုရင်တော့ အဲ့ဒီညီမလေးရဲ့ ပထမဆုံး အလုပ်နယ်ပယ်ဟာ သူ့ဘဝတစ်လျှောက်ရဲ့ လုပ်ငန်းခွင်အချိန် အများစုကို ယူဆောင်သွားနိုင်လို့ပါပဲ။ အဲ့ဒီ ညီမလေးရဲ့အစ်မ ကျွန်မသူငယ်ချင်းလည်း ဂျီတီစီက မေဂျာတစ်ခုနဲ့ B.E အဆင့်အထိ ပြီးထားသူပါ။ ဒါပေမဲ့ အရင်အချိန်က လူအများတက်ခဲ့တဲ့ (အခုလည်း အများစု တက်နေကြဆဲပဲဖြစ်တဲ့) LCCI သင်တန်းတွေကို သူတက်ခဲ့ပါတယ်။ Level3 အထိ အောင်မြင်ပြီး သင်တန်းဆင်းလက်မှတ်တွေ ရခဲ့ပါတယ်။ ဒီတော့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ ကျောင်းဘွဲ့လက်မှတ်ထက် ပိုဦးစားပေးခံရတဲ့ ပြင်ပသင်တန်းဆင်း လက်မှတ်ရှိတဲ့ စာရင်းကိုင်အလုပ်ကိုသာ အလွယ်တကူ လျှောက်ထားလို့ ရခဲ့ပါတယ်။ အဲ့ဒီကစလို့ လက်ရှိအချိန်အထိ ကျွန်မသူငယ်ချင်းက သူမူလမှာ ရွေးချယ်ခဲ့တဲ့ အင်ဂျင်နီယာလမ်းကြောင်းကို သွေဖည်သွားပြီး စာရင်းကိုင်တစ်ယောက်အဖြစ် လုပ်ငန်းခွင်အတွက် လိုအပ်တဲ့သင်တန်းတွေ ထပ်တက်လို့ အဲ့ဒီလမ်းကြောင်းပေါ်မှာပဲ ဆက်လက်လျှောက်လှမ်းနေခဲ့ရပါပြီ။ ပြောချင်တာကတော့ အလုပ်တစ်ခုကို လုပ်တော့မယ်လို့ စဉ်းစားရင် ကိုယ့်အတွက် လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ပြီး သင့်တော်မှု ရှိ၊ မရှိ၊ အဆင်ပြေ၊ မပြေ ဆိုတာတွေကို စဉ်းစားသုံးသပ်ပြီး စနစ်တကျနဲ့ လမ်းကြောင်းချဖို့ လိုတယ်ဆိုတာကိုပါ။အဲ့ဒီလို လမ်းကြောင်းတစ်ခုကို ရွေးချယ်ချမှတ်ရာမှာတော့ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ရမယ် ဆိုပေမယ့် လမ်းကြောင်းရွေးချယ်မှု၊ ဆုံးဖြတ်မှု၊ စဉ်းစားသုံးသပ်မှု၊ စနစ်တကျ ပြင်ဆင်မှုအပိုင်းမှာ ကိုယ့်ထက်ကြီးသူတွေ၊ အတွေ့အကြုံရင့်ကျက်သူတွေထံက နည်းလမ်းအကြံဉာဏ်တွေ၊ အကူအညီတွေ ရယူသင့်ပါတယ်။ ဒီနေ့အချိန်အခါမှာ လူငယ်တွေဟာ တော်ကြတတ်ကြ စဉ်းစားဆုံးဖြတ် တွေးခေါ်နိုင်ကြတယ် ဆိုပေမယ့် အတွေ့အကြုံဆိုတဲ့ အရာမှာတော့ ကိုယ့်ထက်ကြီးမြင့်သူတွေနဲ့ ယှဉ်လို့မရနိုင်ပါဘူး။ လူငယ်တွေက ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ ကိုယ်ပိုင်စဉ်းစား ဆုံးဖြတ်ချက်တွေနဲ့ ဖြတ်သန်းလိုစိတ် ရှိကြတယ် ဆိုပေမယ့် လမ်းကြောင်းမှန်ပေါ်ကို ရောက်ဖို့အတွက်မှာတော့ ရင့်ကျက်သူတွေထံက နည်းလမ်းကောင်းတွေ လမ်းပြမှုတွေကို ရယူသင့်ပါတယ်။ အဲ့ဒီလိုရယူပြီး လမ်းကြောင်းတစ်ခုကို ချမှတ်ပြီးပြီဆိုခဲ့ရင်လည်း အဲ့ဒီလမ်းကြောင်းအတိုင်းကနေ သွေဖယ်မှုမရှိအောင် စနစ်တကျ ဆောင်ရွက်ရမှာပါ။ ကိုယ်ရွေးချယ်ပြီးတဲ့ လမ်းကြောင်းအတိုင်း တိုးတက်မှုတွေရအောင် ရှေ့ဆုံးကိုရောက်အောင် ကြိုးစားသွားဖို့လိုပါတယ်။ဒီနေ့အချိန်အခါမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ အနေနဲ့ သက်မွေးမှုအတွက် အမှတ်မြင့်လိုင်းတွေကို မရွေးချယ်ဖြစ်သူ အများစု ရွေးချယ်တတ်ကြတာဟာ ဂျီတီစီကျောင်းတွေကို တက်ရောက်ဖို့ပါ။ ဒီအခါမှာတော့ ကျောင်းဝင်ခွင့်ကို လျှောက်ပြီး ဝင်ခွင့်ကျလာတဲ့အခါ မေဂျာရွေးချယ်မှု အပိုင်းကို သေချာစနစ်တကျနဲ့ သိပ်ပြီး မစဉ်းစားတော့ဘဲ ကိုယ်ရတဲ့အမှတ်နဲ့ အဆင်ပြေတဲ့ ဘာသာရပ်ကိုသာ ရွေးချယ်ခဲ့ကြတာ များပါတယ်။ အဲ့ဒီအခါမှာတော့ အထက်မှာ ကျွန်မပြောခဲ့တဲ့ ညီမလေးလို အချိန်တန်တော့မှ ကိုယ်နဲ့ကိုက်ညီမှု မရှိဘူးဆိုတာ သိရပြီး နောင်တရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါတင်မကဘဲ လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်တွေကလည်း အလုပ်တစ်ခု ရလိုဇောနဲ့ ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်တာထက် ကိုယ့်အတွက်သင့်တော်မယ့် ကိုယ်နဲ့ကိုက်ညီမယ့် ဝါသနာအရင်းခံတဲ့ လမ်းကြောင်းတစ်ခုကို အချိန်ယူပြီး စနစ်တကျနဲ့ ရွေးချယ်စေလိုပါတယ်။ ဘယ်အရာကိုပဲ လုပ်ဆောင်လုပ်ဆောင် ဘဝလမ်းကြောင်း ရွေးချယ်မှုမှာ လမ်းကြောင်းအရွေး မမှားစေဖို့အတွက် ဆင်ခြင်သုံးသပ်နိုင်ကြပြီး ရွေးချယ်မှု မှန်ကန်ကြစေလိုပါတယ်။










