ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်
Published 5 May 2015

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ လာမည့်ဇွန်လလယ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။အဆိုပါအကြိုညီလာခံကျင်းပရေးအတွက် KUPC ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်ခဲ့ပြီး အကြိုညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကာ KUPC ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့ခွဲရှစ်ဖွဲ့မှ စာတမ်းရှစ်စောင်တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။"အကြိုညီလာခံက ဇွန် ၁၈၊ ၁၉၊ ၂၀ လောက်မှာဖြစ်မယ်။ ရက်ကတော့ ခန့်မှန်းလျာထားတာပေါ့။ အဲဒါ ရန်ကုန်မှာပဲလုပ်မယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ထို့ပြင် မေ ၆ ရက်မှ ၈ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေရှိ လေးဝါးစခန်းတွင် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲတွင် အကြိုညီလာခံအတွက် ဆွေးနွေးမည့်အကြောင်းအရာများအား ထပ်မံဆွေးနွေးမည်ဖြစ်ကာ အခြားကရင်တိုင်းရင်းသားအဖွဲ့အစည်းများလည်း တက်ရောက်မည်ဖြစ်ကြောင်းနှင့် KUPC အနေဖြင့် ပဲခူးမြို့၌ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအား တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို ကရင်တိုင်းရင်းသားများအကြား စုစည်းညီညွတ်စွာရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ကရင်လွှတ်တော်ကိုယ်စားလှယ်အချို့အပါအဝင် ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်စုစုပေါင်း ၃၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အဖွဲ့ဝင်များတိုးလာရာ လက်ရှိတွင် အဖွဲ့ဝင် ၅၀ ကျော်ရှိကြောင်း သိရသည်။ကော်မတီအနေဖြင့် လူထုတွေ့ဆုံပွဲများကို ကရင်တိုင်းရင်းသားများ အများစုနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်ပြုလုပ်ခဲ့ပြီး အထက်မြန်မာပြည် ကရင်လူထုနှင့်တွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည်။

Most Read

Most Recent