(၁)
မကြာမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး လာပေတော့မည်။ လက်ရှိအစိုးရကို မကျေနပ်သူများ၊ အားမရသူများကမူ ထိုရွေးကောက်ပွဲကြီးကို ကြိုဆိုကမ်းလင့်ကြပေလိမ့်မည်။ သို့သော် လက်ရှိဆိုသည့်အတိုင်း အရာအားလုံးနီးပါး လက်ထဲတွင် ရှိနေကြသူတွေပီပီ လက်ရှိအစိုးရကလည်း ထိုရွေးကောက်ပွဲကြီးတွင် အနိုင်ရအောင် အမျိုးမျိုး ကျားကန်ကြပေလိမ့်မည်။ သေချာသည်မှာ ကျွန်တော်တို့ တိုင်းပြည်သည် ဟိုကယို၊ ဒီကပေါက်။ ဒီကဖာစရာ။ ဟိုကထေးစရာ။ ဟိုဟာလို ဒီဟာလိုနှင့် အဘက်ဘက်မှာ မပြည့်စုံသေးသော တိုင်းပြည်တစ်ပြည် ဖြစ်နေသေးခြင်းပင် ဖြစ်သည်။ဤအချက်မှာ ရွေးကောက်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများအတွက် ဥုံခံ၍ ရွတ်စရာမလိုလောက်အောင် ထင်ရှားသော ဂါထာမန္တန်ကြီးလည်း ဖြစ်သည်။ သတိရနေကြဖို့လည်း ဖြစ်သည်။ ကျွန်တော့်အမြင်မှာ အစိုးရအဖြစ် အုပ်ချုပ်လိုသူတိုင်းသည် ကျွန်တော်တို့နိုင်ငံကို ဂဝေသီနိုင်ငံတော်ကြီးဖြစ်အောင် တည်ထောင်အုပ်ချုပ်နိုင်ကြဖို့ ဖြစ်ပါသည်။
(၂)
ဂဝေသီနိုင်ငံတော်ကြီး ဆိုသည်မှာ ရှေးအခါက ဂဝေသီအမည်ရှိ ဆရာကြီးတစ်ဦးကို တင်စားပြောဆိုခြင်း ဖြစ်ပါသည်။ ဂဝေသီ ဆရာကြီး၏ အကြောင်းက ဤသို့ဖြစ်ပါသည်။
(၃)
ကဿပဘုရားရှင် လက်ထက်က ဖြစ်သည်။ ဂဝေသီအမည်ရှိ ဆရာကြီးတစ်ဦးသည် တပည့် ၅၀၀ တို့အား ပညာများ သင်ကြားပေးလျက်ရှိ၏။ ဆရာကြီးသည် မိမိလည်း အကျိုးရှိ၊ တပည့်တို့ကိုလည်း အကျိုးရှိစေမည့် အရာများကို အမြဲဆင်ခြင် စဉ်းစားလေ့ရှိသူလည်း ဖြစ်၏။တစ်နေ့သောအခါ ဆရာကြီးသည် ‘ဂရု ဓမ္မ နိစ္စသီလ’ ဟု ခေါ်ဆိုသော ငါးပါးသီလကို ခံယူဆောက်တည်၏။ ထို့နောက် တပည့်များကို ခေါ်ယူစည်းဝေးစေကာ ‘အို..တပည့်အပေါင်းတို့. .ယနေ့မှစ၍ မင်းတို့ဆရာ ငါ့ကို ငါးပါးသီလ တည်မြဲသောဆရာလို့ မှတ်ထားကြကုန်လော့’ ဟု အသိပေး ကြေညာသည်။ဤသို့ အသိပေးခြင်းမှာ ဆရာကြီးသည် တပည့်တို့ကို ကြွားဝါလို၍ မဟုတ်။ သူ့ကိုယ်သူလည်း တုပ်နှောင်ပြီးသားလည်းဖြစ်၊ တပည့်တို့ အတုယူလိုက ယူနိုင်အောင်လည်း ဖြစ်အောင် ကြေညာခြင်း ဖြစ်သည်။ အတုမြင် အတတ်သင်နိုင်စေရန် ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။ထိုအခါ တပည့် ၅၀၀ တို့သည် ချက်ချင်းပင် ငါးပါးသီလကို ခံယူဆောက်တည်လိုက်ကြပြီး ‘ကျေးဇူးရှင် ဆရာကြီးခင်ဗျာ၊ ကျွန်တော်တို့ကိုလည်း ယနေ့မှစ၍ ငါးပါးသီလ တည်မြဲသော သူများအဖြစ် အသိအမှတ် ပြုပေးဗျာခင်ဗျား’ ဟု ပြန်လည် ကတိပေး ပြောကြားကြကုန်၏။ ဂဝေသီနိုင်ငံတော်အတွက် ဆရာနှင့် တပည့်တို့၏ ပြိုင်ပွဲကား လှလှပပ စတင်လေပြီ။ထို့နောက် မကြာမီမှာပင် ဂဝေသီဆရာကြီးသည် ဗြဟ္မစရိယ ပဉ္စမကသီလကို ဆောက်တည်ပြီး ပထမတစ်ကြိမ်လိုပင် တပည့်တို့ကို အသိပေးကြေညာပြန်သည်။ တပည့်တို့ကလည်း အားကျမခံပါ။ ဆရာကြီးတောင် ဆောက်တည်နိုင်လျှင် ငါတို့လည်း ဘာလို့ မဆောက်တည်နိုင်ရမှာလဲဆိုသော အားကျစိတ်ဖြင့် ဆရာကြီး ဆောက်တည်သော ဗြဟ္မစရိယ ပဉ္စမကသီလကို ချက်ချင်းဆောက်တည်ကြ၏။ ထို့နောက် ‘အရှင်ဆရာကြီးခင်ဗျား . . တပည့်တို့ကိုလည်း အရှင်ဆရာကြီးလို ဗြဟ္မစရိယ ပဉ္စမကသီလ တည်မြဲသော သူများအဖြစ် မှတ်သားပေးခင်ဗျား’ ဟု ပြန်လည်ပြောကြားကြ၏။ဂဝေသီနိုင်ငံတော်ကြီးအတွက် ဆရာနှင့်တပည့်တို့၏ ပြိုင်ဆိုင်မှုအရှိန်ကား တဖြည်းဖြည်းနှင့် ပြင်းထန်လာလေပြီ။ ဆရာကြီးကလည်း မလျှော့။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ရန်သာ ကြံနေသည်။ တပည့်တို့ကလည်း အားကျမခံ။ ဆရာကြီးလုပ်နိုင်သမျှ သူတို့လုပ်နိုင်ရမည်ဟူသော စိတ်ဓာတ်အပြည့်နှင့်။
(၄)
မကြာမီတွင် ဂဝေသီဆရာကြီးသည် ညစာမစားဘဲ ဧကဘတ္တိက ဆက္ကသီလကို တစ်ဆင့်တက်၍ ဆောက်တည်ပြန်၏။ ထိုသီလကို ဆောက်တည်နေကြောင်းကိုလည်း တပည့်တို့ကို ရှေးကအတိုင်းပင် အသိပေး ကြေညာပြန်သည်။ ထိုအခါ တပည့်တို့ကလည်း ဆရာကြီးကို အားကျမခံ ဆရာကြီးဆောက်တည်သော ထိုဧကဘတ္တိက ဆက္ကသီလကို ဆောက်တည်ကြပြန်၏။ သူတို့ကိုလည်း ထိုသီလမြဲသူများအဖြစ် သတ်မှတ်ပေးရန် ဆရာကြီးကို ပြန်လည်ပြောကြားကြ၏။ဆရာကြီးသည် တပည့်များကိုကြည့်ရင်း ကျေနပ်လျက်ရှိ၏။ ပြီးလျှင် သီလစခန်းထက်မြင့်သော စခန်းတစ်ခုပေါ်သို့ တက်လိုက်၏။ ကဿပဘုရားရှင်ထံသို့ ချဉ်းကပ်ပြီး ရဟန်းအဖြစ် ခံယူလိုက်ရာ တပည့် ၅၀၀ တို့လည်း ဆရာ့နည်းတူ ရဟန်းလိုက်ပြုကြကုန်သည်။ မကြာမီမှာပင် ဆရာရော တပည့်များပါ ရဟန္တာဖြစ်သွားကြလေရာ အင်မတန် လှပသော ဂဝေသီနိုင်ငံတော်ကြီး ဖြစ်သွားလေတော့သည်။
(၅)
ဤဂဝေသီဆရာကြီး၏ အကြောင်းကို ၃၈ ဖြာမင်္ဂလာ အကျင့်တွေထဲမှ အတ္တသမ္မာ ပဏိဓိ မင်္ဂလာအကျင့်တရားကို ရှင်းလင်းဖွင့်ဆိုရာ၌ ဆရာတော်ကြီး အတော်များများ ကိုးကားဖွင့်ဆို ရှင်းပြတော်မူကြလေ့ ရှိပါသည်။ အတ္တသမ္မာ ပဏိဓိဆိုသည်မှာ မင်္ဂလာကျင့်စဉ် ၃၈ ပါးထဲမှ ခြောက်ခုမြောက် ကျင့်စဉ်တစ်ရပ်ဖြစ်ပြီး ခေတ်စကားနှင့် နားလည်အောင်ပြောရလျှင် စိတ်ဓာတ်ကောင်းမွန်ရေး၊ စာရိတ္တပြုပြင်ရေးကို ဆိုလိုခြင်းဖြစ်ပါသည်။ လူငယ်များ နားရှင်းအောင် ထပ်မံဆိုရလျှင် ကိုယ့်ကိုယ်ကိုယ် ကွန်ထရိုးလ်လုပ်နိုင်ခြင်းကို အတ္တသမ္မာပဏိဓိဟု ဆိုခြင်းဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ကွန်ထရိုးလ်လုပ်နိုင်ခြင်း ဆိုသည်မှာ ကိုယ့်စိတ်ကိုယ်နိုင်အောင် ထိန်းနိုင်ခြင်း၊ သိမ်းနိုင်ခြင်း၊ ချုပ်တည်းနိုင်ခြင်း တို့မှ ရရှိလာသော စိတ်ကောင်းမွေးမြူနိုင်မှုပင် ဖြစ်သည်။မကောင်းတာပဲလုပ်လုပ်၊ ကောင်းတာပဲလုပ်လုပ် စိတ်ကသာ စတင်ပြဋ္ဌာန်းလုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ရာတွင် စိတ်သည် မကောင်းမှုနှင့် ထိတွေ့လျှင် ပိုမိုပွင့်တတ်သည်။ လန်းတတ်သည်။ ပါပသ္မိံရမတိ မနော- စိတ်သည် မကောင်းမှုမှာ ပိုပြီးပျော်တတ်သည်။ မကောင်းမှုနှင့်ဆိုလျှင် ပိုပြီး နူးလွယ်ကျက်လွယ်သည်။ ထို့ကြောင့် စိတ္တေနနိယျ တိလောကော-စိတ်ကို နိုင်နင်းလျှင် လောကကြီးတစ်ခုလုံးကိုပင် အောင်နိုင်သည်ဟု စိတ်၏တန်ဖိုးနှင့် အရင်းအမြစ်ကို သိရှိနိုင်ဖို့အတွက် ထပ်ဆင့်စကား တစ်ခွန်းရှိပြန်သည်။ဤလောက ဤခေတ်တွင် အနိဋ္ဌာရုံများအဖြစ် တွေ့မြင်ခံစားရသော စစ်ပွဲများ၊ အာဏာရှင်များ၊ ခေါင်းပုံဖြတ်မှုများ၊ အနိုင်ကျင့်မှုများ စသည်တို့သည် စိတ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရာများ ဖြစ်၏။ရာထူး၊ စည်းစိမ်ဥစ္စာများနှင့် ပတ်သက်လာလျှင် ငါမှ ငါ၊ ငါ့သားသမီးမှ ငါ့သားသမီး၊ ငါ့ဆွေမျိုးမှ ငါ့ဆွေမျိုး၊ ငါ့တပည့်မှ ငါ့တပည့် စသည့် ငါကွပ်ကဲသော စိတ်များသည် အတ္တစိတ်များဖြစ်၏။ ပတ်ဝန်းကျင်နှင့် ရှင်သန်နေထိုင်ရသော လောကကြီးတွင် ပရစိတ်လည်း ရှိဖို့လိုအပ်၏။ ထို့ကြောင့် ပရစိတ်နှင့် နှိုင်းယှဉ်လျှင် အတ္တစိတ်သည် မကောင်းသောစိတ် ဖြစ်သွားရ၏။ ထိုမကောင်းသောစိတ်ကို ထိန်းနိုင်ခြင်း၊ ချုပ်တည်းနိုင်ခြင်း၊ စောင့်စည်းနိုင်ခြင်းသည် အတ္တသမ္မာပဏိဓိမင်္ဂလာ ဖြစ်၏။
(၆)
ဆရာကြီး ဂဝေသီနှင့် သူ၏တပည့်များစိတ်ကို ထိန်းချုပ်သွားပုံများ၊ တစ်ဆင့်ထက်တစ်ဆင့် စိတ်ဓာတ်မြှင့်မှုများ လုပ်သွားပုံမှာ တကယ်ပဲ အတုယူဖွယ် ကောင်းလှပါသည်။ ဆရာတပည့် အားလုံးတို့သည် ကောင်းမှုမကောင်းမှုနှင့် ရောထွေးနေသော သူတို့၏စိတ်များကို ကောင်းမှုဆီသို့သာ ရောက်အောင်ပို့ကြ၏။ သူတောင် လုပ်နိုင်သေးတာပဲ၊ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲဟု ကောင်းရာတွင်သာ ပြိုင်ဆိုင်ကြ၏။ ကောင်းရာကို ကောင်းသောစိတ်နှင့် ပြိုင်ဆိုင်ပြီး လုပ်ကြသောကြောင့် သူတို့ဝန်းကျင်သည် ကောင်းသောဝန်းကျင် ဖြစ်ခဲ့ရသည်မှာ အကြောင်းအကျိုး ရှေ့နောက်ညီညွတ်ခြင်း ဖြစ်၏။ အကြောင်းကောင်းလျှင် အကျိုးကောင်းကို ရမည်မှာ ဓမ္မသဘောပင် ဖြစ်သည်။
(၇)
အဘက်ဘက်က ယိုယွင်းပြီး ချွတ်ခြုံကျနေသော ကျွန်တော်တို့ နိုင်ငံမှာလည်း ဂဝေသီဆရာကြီးနှင့် တပည့်များ ပြိုင်သကဲ့သို့ ပြိုင်ဆိုင်မှုများ ရှိကြပါ၏။ သို့ရာတွင် ပြိုင်ဆိုင်မှုချင်းကားမတူ။ ဟိုလူကြီး ပိုင်ဆိုင်ချမ်းသာသလောက် ပိုင်ဆိုင်နိုင်အောင် ဒီလူကြီးက ထပ်တူလိုက်ပြိုင်၏။ ဟိုပုဂ္ဂိုလ်ကြီး ရာထူးမျိုးရအောင် ဒီပုဂ္ဂိုလ်ကြီးက ထပ်တူလိုက်ပြိုင်၏။ ဟိုဆရာကြီး၏ သားသမီးများက လုပ်ငန်းကြီးများ ပိုင်ဆိုင်နေသလို ဒီဆရာကြီးကလည်း သူ့သားသမီးများကို ပိုင်ဆိုင်နိုင်အောင် ထပ်တူလိုက်ပြိုင်စေ၏။ ပရအတွက် မပြိုင်ဘဲ အတ္တအတွက်သာ ပြိုင်နေကြ၏။ ကောင်းသည့်နေရာမပြိုင်ဘဲ မကောင်းသည့်နေရာမှာ ပြိုင်နေကြ၏။ ထို့ကြောင့်သည် နိုင်ငံတွင် ‘ဤ’ ကနေ ‘ကျွဲ’ ဖြစ်နေရသည်မှာ ဘာမှမဆန်း။နိုင်ငံအတွက် တိုင်းပြည်နှင့် လူမျိုးအတွက် ငါ ဒါတွေလုပ်ပေးနိုင်ပြီ၊ မင်းတို့ ပြိုင်နိုင်ရင် ငါ့ကို ပြိုင်ကြစမ်းဆိုသောသူတွေ မပေါ်သေး။ ငါက လာဘ်မစားဘူးကွ၊ မင်းတို့လည်း ငါ့ကို ပြိုင်ကြစမ်းဆိုသော သူရဲကောင်းတွေ မမွေးသေး။ သူတို့ရိုက်လို့ ကိုယ်ကပြန်ရိုက်ရတာပါဟူသော အထိန်းအကွပ်မရှိ စိတ်က ထွက်လာသော စကားများကိုသာ စိတ်မချမ်းမြေ့ဖွယ် ကြားရ၏။ အတ္တသမ္မာ ပဏိဓိမင်္ဂလာတွေ ပျောက်ဆုံးနေကြသည်။
(၈)
သို့ဖြစ်ရာ ကျွန်တော်တို့နိုင်ငံကို ဂဝေသီနိုင်ငံကြီး ဖြစ်လာစေဖို့ဆိုလျှင် . .။










