အမျိုးသားပညာရေး ဥပဒေအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် အမျိုးသားလွှတ်တော်က တရားဝင်ကမ်းလှမ်းမှု မရှိသေးဟု ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ ဆို

အမျိုးသားပညာရေး ဥပဒေအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် အမျိုးသားလွှတ်တော်က တရားဝင်ကမ်းလှမ်းမှု မရှိသေးဟု ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ ဆို
Published 4 May 2015
သက်မင်း

အမျိုးသားပညာရေး ဥပဒေအတွက် ထပ်မံ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အမျိုးသားလွှတ်တော်က တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ထားခြင်း မရှိသေးဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီထံမှ သိရသည်။လက်ရှိအချိန်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အဓိကမူတည်ထားသည်မှာ ကျောင်းသားများဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျောင်းသားများနှင့် တွေ့ဆုံဖွယ်ရာ ရှိကောင်းရှိနိုင်ကြောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက The Daily Eleven သို့ ပြောကြားသည်။“ကျွန်တော်တို့လည်း သတင်းဖတ်ရတော့မှ သိတာ။ ဒါပေမဲ့ တရားဝင်ကမ်းလှမ်းလာတာမျိုးတော့ မရှိသေးပါဘူး” ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန်းလင်းက မေ ၄ ရက်တွင် The Daily Eleven သို့ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမှု အစီအစဉ်များကို မတ် ၅ ရက်မှ ၁၈ ရက်အထိ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ စသည်ဖြင့် ပြုလုပ်ခဲ့သည်။သို့ရာတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားများသည် ယင်းအချိန်တွင် လက်ပံတန်း၌ ဗကသကျောင်းသားများ၏ သပိတ်စစ်ကြောင်းကို တားဆီးခံနေရသောအချိန် ဖြစ်သောကြောင့် ကြားနာပွဲသို့ အရောက်လာခဲ့သော်လည်း တက်ရောက်ခြင်း မရှိပါ။ နောက်ပိုင်းတွင်မူ ကြားနာပွဲသို့ ပြန်လည်တက်ရောက်ခဲ့သည်။ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဗကသကျောင်းသား ခြောက်ဦး၊ တကသကျောင်းသား ခြောက်ဦး၊ ဗကသ (မြေလတ်) ကျောင်းသားသုံးဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗကသကျောင်းသား ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်တို့မှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။