၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် အချက်ကို ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး သဘောထားမှတ်ချက်ပေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် အချက်ကို ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး သဘောထားမှတ်ချက်ပေး
Published 4 May 2015
မင်းသီဟဇော်၊ အောင်ဇော်ထွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဆိုသည့် အချက်ကို ရှမ်းပြည်နယ် ‘ဝ’ဒေသ ပန်ဆန်း (ပန်ခမ်း) မြို့တွင် မေ ၁ ရက်မှ စတင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းအားလုံးက သဘောထားမှတ်ချက်ပေးကြောင်း အစည်းအဝေး တက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီမှ ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထား ရပ်တည်ချက်များကို အစည်းအဝေးသို့ တင်ပြခဲ့ကြောင်း အဖွဲ့အစည်းအားလုံး၏ တင်ပြချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တူညီသည့် ဘုံအချက်တစ်ချက်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သီးခြားတင်ပြတာတွေကို စုလိုက်လို့ရှိရင် တူတဲ့ဟာတွေ ထွက်လာတယ်လေ။ လေး၊ ငါး၊ ခြောက်ချက် အဲဒါက ဘုံပေါ့။ တူတာတွေကို ထုတ်လိုက်တော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တူတယ်လေ။ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ရမယ် ဆိုတာလည်း တူတယ်လေ။ နိုင်ငံရေး ဆွေးနွေးပွဲမှာ အတူတကွ လုပ်ရမယ်ဆိုတာလည်းတူတယ်။ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်တဲ့အထိ တချို့ကလည်း ပြည်ထောင်စုစာချုပ်လို့ ခေါ်တာပေါ့။ အဲဒီအထိ အတူတကွ လုပ်ရမယ် ဆိုတာတွေ တူတယ်။ ၂၀၀၈ ကို ပြင်ရမယ်ဆိုတာလည်း တူတယ်” ဟု ပြောကြားသည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်ဟံသာကလည်း “ဒီ၂၀၀၈ ဖွဲ့ စည်းပုံကို မပြင်ရင် ဒါကတော့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ မဖြစ်နိုင်ဘူးလေ။ တိုင်းရင်းသားတွေ ဘက်ကလည်း မခံယူနိုင်ဘူး။ ဒီမိုကရေစီ အင်အားစုကလည်း မခံယူနိုင်ဘူး။ ပြင်ဆင်ဖို့လိုတယ် ဆိုတာကတော့  အားလုံးနားလည် လက်ခံထားပြီးသားဖြစ်တယ်” ဟု ပြောကြားသည်။
‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSP/UWSA) ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်ကလည်း “အခြေခံဥပဒေက တိုင်းပြည်ရဲ့ အဓိက ပြဿနာကို ချုပ်ထားတဲ့ ကိစ္စဖြစ်တယ်။ လူမျိုးချင်းတန်းတူ ဆက်ဆံရေးရော အဘက်ဘက်ပေါ့ဗျာ။ ဒီဟာလေး တွေကတော့ အားလုံးကတော့ တူညီတဲ့သဘောလေး ရှိပါတယ်” ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက်  နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများကလည်း လိုလားလျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး၌ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနှင့် ပြုလုပ်ခဲ့ကြသည်။
အတိုက်အခံပါတီကြီး တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပြီး ယင်းတို့ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ရာ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည့် ပြည်သူငါးသန်းနီးပါးရှိခဲ့ပြီး ယင်းလက်မှတ်များကို လွှတ်တော်သို့ တင်ပြခဲ့သည်။
 
 

Most Read

Most Recent