နီပေါတွင် ငလျင်ကြောင့် သေဆုံးသူ ၇၂၀၀ ကျော်လာချိန်၌ ကြိုးနီစနစ်ကြောင့် အကူအညီရရှိမှု နှေးကွေး

နီပေါတွင် ငလျင်ကြောင့် သေဆုံးသူ ၇၂၀၀ ကျော်လာချိန်၌ ကြိုးနီစနစ်ကြောင့် အကူအညီရရှိမှု နှေးကွေး
Published 4 May 2015

နီပေါနိုင်ငံ၏ အကောက်ခွန်ဦးစီးဌာနမှ အာဏာပိုင်များသည် ငလျင်ဒဏ်သင့် ပြည်သူတို့အတွက် အကူအညီများကို နှေးကွေးစွာ ပေးဝေနေသဖြင့် အလွန်စိုးရိမ်မိသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့သည်။ တစ်ဘက်တွင်လည်း နီပေါတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် သေဆုံးသူဦးရေမှာ မေ ၃ ရက်တွင် ၇၂၀၀ ကျော်သွားပြီဖြစ်သည်။မြို့တော်ခတ္တမန္ဒူရှိ အပျက်အစီးများအောက်တွင် အသက်ရှင်လျက်ရှိသူများ ထပ်မံရှာဖွေတွေ့ရှိနိုင်မည်ဆိုသည့် မျှော်လင့်ချက်ကို အာဏာပိုင်များက စွန့်လွှတ်လိုက်ကြပြီးနောက် ငလျင်ဒဏ်သင့်ဒေသမှ မိသားစုများထံသို့ အကူအညီများ ပေးဝေရေးကို ဦးတည်လုပ်ဆောင်နေကြသည်။နီပေါနိုင်ငံတွင် နှစ်ပေါင်း ၈၀ ကျော်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတကာမှ အကူအညီများ ပုံအောရောက်ရှိလာသော်လည်း ထိုအကူအညီများသည် ကြိုးနီစနစ်၏ ဟန့်တားနှောင့်ယှက်မှုနှင့် ကြုံနေရသည့်အတွက် စိုးရိမ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဗီလာရီအေမိုက ပြောကြားခဲ့သည်။“အကောက်ခွန်ဌာနဟာ ဒီလောက်အချိန်ကြာအောင် အလုပ်လုပ်နေတယ် ဆိုတဲ့သတင်းတွေ ကြားရတဲ့အတွက် ကျွန်မ အရမ်းစိုးရိမ်မိပါတယ်” ဟု အေမိုက အေအက်ပီသတင်းဌာနသို့ မေ ၂ ရက်က ပြောကြားခဲ့သည်။ ထို့ကြောင့် အကူအညီပေးသည့် ပစ္စည်းများကို အကောက်ခွန်ဌာနက မြန်မြန်ဆန်ဆန် ခွင့်ပြုပေးရန် ဝန်ကြီးချုပ် ဆူရှယ်ကိုအီဗာလာကို တောင်းဆိုထားသည်ဟုလည်း အားမို့စ်က ပြောကြားထားသည်။ “ဝန်ကြီးချုပ်ကတော့ အကောက်ခွန်ဌာနရဲ့ လုပ်ငန်းတွေ မြန်ဆန်ဖို့ တာဝန်ယူမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ တိုးတက်မှုတွေ မြင်လာရဖို့ပဲ မျှော်လင့်ရပါတော့မယ်” ဟု ၎င်းကဆိုသည်။နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူရှိ ဆွာယမ်ဘူနက် ဘုရားကျောင်း၌ အပျက်အစီးများကို ရှင်းလင်းနေသော စစ်သားများကို မေ ၂ ရက်က တွေ့ရစဉ် (Photo:AFP)
လွန်ခဲ့သည့် ရှစ်ရက်က နီပေါတွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ယင်းကြောင့် ဧဝရတ်တောင်တွင်လည်း လူသေဆုံးမှုများရှိသည့် ရေခဲတောင်ပြိုကျမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ငလျင်ကြောင့် သေဆုံးသူဦးရေသည် ၇၂၀၀ ဦးရှိပြီဖြစ်သည်ဟု အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူ ၁၄၀၀၀ ဦးအပြင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင်လည်း ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့သည်။ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် မြို့တော်အရှေ့မြောက်ဘက်ရှိ ဆင်းဟူပေါချော့ဒေသ အပါအဝင် ဝေးလံခေါင်သီပြီး ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသော ဒေသများ၌ အလုံးစုံပျက်စီးမှု ဖြစ်ပေါ်နေသည်ဟု ကြက်ခြေနီအဖွဲ့မှ သတိပေးခဲ့သည်။ဝေးလံသော ဒေသရှိ ရွာများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် ကြိုးပမ်းမှုသည် အဓိကစိန်ခေါ်မှု ဖြစ်နေသည်ဟု သိရသည်။ လေယာဉ်ဆင်းသက်နိုင်မည့် နေရာများသည် အပျက်အစီးများကြောင့် လုံခြုံစွာဆင်းသက်နိုင်ရန် စိတ်မချရသေးဘဲ လမ်းပန်းဆက်သွယ်ရေးမှာလည်း အကန့်အသတ်နှင့်သာ သွားရောက်နိုင်သောကြောင့် အချို့သော ဝေးလံခေါင်သီသည့် နေရာများသို့  ရဟတ်ယာဉ်များနှင့်သာ သွားရောက်နိုင်သေးသည်ဟု သိရသည်။Ref:AFP

Most Read

Most Recent