လွန်ခဲ့တဲ့ သီတင်းပတ်အကုန်က ဧဝရတ်တောင်ကနေ ရေခဲတွေပြိုကျတော့ လမ်းညွှန်တွေက Twitter ကနေ အကူအညီတောင်းပြီး ဗီဒီယိုဖိုင်တွေ တင်လိုက်တဲ့အခါ အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်။ ခြေလျင်တောင်တက်သမားတွေဟာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ Wifi သုံးနိုင်ကြတာကိုး။လွန်ခဲ့တဲ့ ၆၂ နှစ်တုန်းကတော့ အက်ဒမွန်ဟီလာရီနဲ့ တန်ဇင်းနော်ဂေးတို့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကိုရောက်တော့ နောက်ထပ်လေးရက်ကြာတဲ့အထိ ပြင်ပကမ္ဘာကို သတင်းတွေ မရောက်ခဲ့ဘူး။ တောင်ထိပ်မှာ ဟီလာရီတစ်ယောက် ဘာဓာတ်ပုံမှလည်း မရိုက်ခဲ့ရဘူး။“ကျွန်တော် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောလိုက်တာနဲ့ ဒီနှင်းဆူနာမီကြီးရဲ့ ရိုက်ခတ်ချက်ကို ချက်ချင်းသဘောပေါက်လိုက်တယ်။ ဒီကြီးမားလှတဲ့ ဘေးဒုက္ခကြီးကို ရင်ဆိုင်ရာမှာ အကူအညီ ရနိုင်ကောင်းရဲ့လို့ တွေးပြီး ဒီအကြောင်းကို Twitter မှာ တင်လိုက်တယ်” လို့ ဝါရင့်လမ်းညွှန် ဒမ်မာဇာက ပြောပြတယ်။ဧပြီ ၂၅ ရက် နီပေါမှာ ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးလှုပ်တာမို့ လူပေါင်း ၆၇၀၀ ကျော်သေတယ်။ တောင်ပေါ်က နှင်းခဲတွေဟာ ဧဝရတ် အခြေခံစခန်းတွေတစ်လျှောက် ပြိုဆင်းကျခဲ့တာကြောင့် လူတစ်ဒါဇင်ကျော်ကျော်သေပြီး တော်တော်များများ ဒဏ်ရာရတယ်။အဲဒီ ဘေးဒုက္ခကြီးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ သတင်းတွေဟာ မိနစ်ပိုင်းအတွင်း လူမှုရေးမီဒီယာတွေမှာ အကြီးအကျယ် ပျံ့နှံ့သွားတယ်။ မာဇာလို တောင်တက်သမားတွေရဲ့ လုပ်ဆောင်ချက်က အကြီးအကျယ် အထောက်အကူ ပြုခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပြီး လူ့အသက်တွေကို ကယ်နိုင်ခဲ့တယ်။“ငလျင်ကြီးက အခုပဲ ဧဝရတ်တောင်ကို ရိုက်ခတ်လာတယ်။ အခြေခံစခန်းက အကြီးအကျယ် ပျက်စီးသွားပြီ။ ကျွန်တော်တို့အဖွဲ့ စခန်း-၁ မှာ ပိတ်မိနေတယ်။ လူတိုင်းအတွက် ဆုတောင်းပေးကြပါ” လို့ ရေခဲတွေ ပြိုကျလာပြီးနောက်မှာပဲ အမေရိကန်တစ်ယောက်က Twitter မှာတင်တယ်။ဟီလာရီနဲ့ အထမ်းသမားတန်ဇင်းတို့ ၁၉၅၃ ခုနှစ်တုန်းက ၈၈၄၈ မီတာ (၂၉,၀၂၉ ပေ) မြင့်တဲ့ တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်သူတွေအဖြစ် သတင်းပေါ်ထွက်လာပုံနဲ့ လုံးလုံး ကွာခြားမနေဘူးလား။ သူတို့ တောင်ထိပ်ကို မေ ၂၉ ရက်မှာ ရောက်တယ်။ ဒါပေမဲ့ အဲဒီသတင်းက ဇွန် ၂ ရက်နေ့အထိတောင် လန်ဒန်ကို မရောက်သေးဘူး။ အဲဒီအချိန်က အယ်လိဇဘက်-၂ ဘုရင်မကြီးရဲ့ နန်းတက်ပွဲ ကျင်းပတဲ့ အချိန်လောက်ပဲ။တောင်ထိပ်မှာ ဟီလာရီတစ်ယောက် ဘာဓာတ်ပုံမှ မရိုက်ခဲ့ရဘူး။ တန်ဇင်းက အဲဒီတုန်းက ကင်မရာကို ဘယ်လိုရိုက်ရမလဲ ဆိုတာမှ မသိတာ။ ဒါပေမဲ့ အဲဒီနယူးဇီလန်သားက သူရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ဓာတ်ပုံတစ်ပုံလောက်တောင် တစ်ခါမှ မရိုက်ခိုင်းခဲ့ဘူးလို့ အခိုင်အမာ ရေးထားတယ်။ဒီကနေ့ ခေတ်မှာတော့ နည်းပညာနဲ့ အကျွမ်းဝင်နေပြီဖြစ်တဲ့ နှစ်စဉ် ဧဝရတ်တောင်ကိုတက်ဖို့ ကြိုးစားသူ ရာပေါင်းများစွာဟာ စမတ်ဖုန်းတွေ၊ အိုင်ပက်တွေနဲ့ လက်ပ်တော့တွေ သယ်သွားပြီး Twitter ကနေ ကမ္ဘာ့ပရိသတ်ဆီ ဓာတ်ပုံတွေနဲ့ ပြောစကားတွေ ပို့တော့တာပဲ။အေအက်ဖ်ပီသတင်းထောက် ရော်ဘတ်တိုရှမစ်တောင် ရေခဲပျော်ဆင်းလာတဲ့ ဓာတ်ပုံကို BGAN ကနေ ပို့ခဲ့သေးတယ်။၂၀၁၄ ခုနှစ် ဧပြီ ၁၈ ရက်က ရိုက်ကူးထားသောဓာတ်ပုံတွင် ရေခဲပြိုကျမှုဖြစ်ပွားရာ ဧဝရတ်အခြေစိုက်စခန်းကို ခရမ်ပွန်ပွိုင့်မှ မြင်ရစဉ် (Photo:AFP)
မာဇာ (၅၅ နှစ်) က သူဟာ အစတုန်းက လူမှုရေးမီဒီယာတွေကို တောင်တက်စဉ်အတွင်း တောင်တက်သမားတွေနဲ့ အကူတွေ သူတို့မိသားစုတွေနဲ့ ဆက်သွယ်ဖို့ အလွယ်ကူဆုံး နည်းလမ်းအဖြစ်ပဲ ထင်ခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ အခုတော့ ဒါဟာ လုံခြုံရေးဆိုင်ရာ ကိရိယာတစ်ခုအဖြစ် တန်ဖိုးရှိကြောင်း ပြောပြပါတယ်။“လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဟိမဝန္တာဒေသမှာ စပြီးတောင်တက်တော့ မတော်တဆမှု တစ်ခုဖြစ်ပြီး အကူအညီ တောင်းမယ်ဆိုရင် လူတွေသိဖို့ ရက်အတန်ကြာခဲ့တယ်” လို့ မာဇာက ဧဝရတ် အခြေစိုက်စခန်းကနေ အေအက်ဖ်ပီကို ပြောပြတယ်။“ကျွန်တော်အခု အခြေစိုက်စခန်းမှာ ရှိနေပြီး မိုဘိုင်းဖုန်းကနေ ခတ္တမန္ဒူက ဂျာနယ်လစ်တစ်ယောက်နဲ့ စကားပြောနေတဲ့ အဖြစ်ကို တွေးကြည့်တဲ့အခါမှာ ဒီလိုစကားလှမ်းပြောနိုင်တဲ့ အဖြစ်က သိပ်ပြီးအံ့သြစရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်” လို့လည်း မာဇာက ပြောပြတယ်။တောင်တက်သမား အက်ဒရီယမ်ဘော်လင်ဂျာရဲ့ ကုမ္ပဏီဖြစ်တဲ့ Alpenglow Expeditions က သူနဲ့ ဆက်သွယ်လုပ်ဆောင်တဲ့ သူတွေကို လေထုထဲ အောက်ဆီဂျင် ပါဝင်မှုနှုန်း အန္တရာယ်ရှိလောက်အောင် နိမ့်ကျနေတဲ့ အမြင့်တွေမှာ တစ်နေ့ကို ၁၈ နာရီ Wifi ထောက်ပံ့ပေးပါတယ်။ သူတို့မှာ ဓာတ်အားပေးစက်ရှစ်လုံး လည်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်ခံယူတဲ့ အပြား ၃၆ ခုရှိပါတယ်။ တစ်ချိန်တည်းမှာ ကိရိယာ ၄၀ ကို အားသွင်းပေးနိုင်ပါတယ်။“တောင်တက်ရင် အထီးကျန် အတွေ့အကြုံကို ရတတ်ပါတယ်။ ဒါပေမဲ့ လူတွေက အခုအချိန်မှာ သူတို့အကြောင်း ဖြန့်ဝေဖို့ အရမ်းကို စိတ်ဝင်စားပါတယ်။ Twitter၊ Facebook နဲ့ WhatsApp တစ်ခုခုကနေတစ်ဆင့်ပေါ့” လို့ ဘော်လင်ဂျာက အေအက်ဖ်ပီကို ပြောပြပါတယ်။“ကြီးမားတဲ့ အခက်အခဲကတော့ ဓာတ်အားထောက်ပံ့နိုင်ရေးကို စီစဉ်ရတာပါ။ ကျွန်တော်တို့ နေရောင်ခြည်စွမ်းအင်ကို သုံးတယ်။ ဒါပေမဲ့ တောင်တက်တဲ့အခါ ဝန်ကျယ်တဲ့ ဘက်ထရီတွေနဲ့ တခြားစနစ်တွေကိုလည်း သယ်သွားဖို့ လိုအပ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။SOS ခေါ်ဆိုမှုတွေ ပို့နိုင်ရုံတင် မကဘူး၊ Wifi က မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ စုံစမ်းရေးမှာ ပိုမိုကောင်းမွန်ဖို့နဲ့ ထူထပ်တဲ့ ဈေးကွက်တစ်ခုမှာ စပွန်ဆာသဘောတူညီချက်တွေကို ဆွဲဆောင်နိုင်ဖို့ အခွင့်အလမ်းတွေကိုလည်း တောင်တက်သမားတွေကို ပေးပါတယ်။၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်းမှာ အမေရိကန်စွန့်စားရေးသမား အဲရစ်လာဆင်ဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ပေါ်ကနေ ပထမဆုံး Twitter က မက်ဆေ့ချ်ပို့နိုင်သူ ဖြစ်လာပါတယ်။ သူက “ဧဝရတ်တောင်ထိပ် ရောက်ပြီ” ဆိုပြီး သူရဲ့ စပွန်ဆာဖြစ်တဲ့ ဂြိုဟ်တုဆက်သွယ်ရေး DeLorme ကုမ္ပဏီကို ရည်ညွှန်းပေးပို့ခဲ့ပါတယ်။အဲဒီနောက် မကြာမီမှာ နီပေါကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Ncell က အမြင့် ၅၂၀၀ မီတာမှာ 3G ဖုန်းကွန်ရက်တစ်ခု ထူထောင်လိုက်ပါတယ်။ စမတ်ဖုန်းပါလာတဲ့ လူတိုင်းအတွက် အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ဖို့ပါ။“ဒီနည်းပညာတွေ အားလုံးက ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ လူတွေကို လုံခြုံမှုရှိကြောင်း သိစေဖို့ အထောက်အကူ ပြုပါတယ်” လို့ ဗြိတိန်နိုင်ငံသား ဘော်လင်ဂျာက ဆိုပါတယ်။“တစ်ဖက်မှာလည်း ဒီဆက်သွယ်ရေး အဆင့်မြင့်ခေတ်ထဲမှာ သူတို့က ခင်ဗျားကို အမြဲတမ်း အွန်လိုင်းမှာ ရှိနေဖို့ မျှော်လင့်ထားတာမို့ ခင်ဗျားဆီကနေ ချက်ချင်း အကြောင်းပြန်မှု မရရင် အဲဒီလူတွေအနေနဲ့ စိတ်နာသွားတတ်တယ်လို့လည်း ကျွန်တော်တွေ့ရှိခဲ့ပါတယ်” လို့လည်း ဘော်လင်ဂျာက ပြောပါသေးတယ်။










