လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားမှုများနှင့် ပတ်သက်၍ အချို့လုပ်ငန်းများမှာ အရည်အသွေး မပြည့်မီမှုများ တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားမှုများနှင့် ပတ်သက်၍ အချို့လုပ်ငန်းများမှာ အရည်အသွေး မပြည့်မီမှုများ တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 30 April 2015
မျိုးမင်းထက်

သက်ဆိုင်ရာ အစိုးရဌာနများမှ လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားမှုများနှင့် ပတ်သက်၍ အချို့တည်ဆောက်ရေး လုပ်ငန်းများမှာ အရည်အသွေး မပြည့်မီမှုများ တွေ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက The Daily Eleven သတင်းစာကို ပြောကြားသည်။အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ငန်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။“စီမံကိန်းတွေ လုပ်တဲ့အပေါ်မှာ တချို့က အရည်အသွေး မမီတာတွေ၊ စံချိန်စံညွှန်း မပြည့်မီတာတွေကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒါတွေကို လွှတ်တော်ကို တင်ပြမယ်။ ညှိနှိုင်းလို့ ရတဲ့ဟာတွေကို ညှိနှိုင်းမယ်။ အများအားဖြင့် ပြောစရာတွေပဲ ဖြစ်နေတဲ့ အခါကျတော့ အကုန်လုံးလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တည်းက မဖြေရှင်းနိုင်ဘူး။ အဲဒါမျိုးတွေ တွေ့ရပါတယ်။ ဒီဟာတွေကိုလည်း အန်ကယ်တို့ လွှတ်တော်မှာ အခြေအနေပေးရင် ပေးသလို ဆွေးနွေးမယ်။ ပြည်သူ့ဘဏ္ဍာတွေကို တည်ဆောက်ရေးတွေ လုပ်တဲ့အခါမှာ အထိရောက်နိုင်ဆုံးဖြစ်အောင် လုပ်ဖို့လိုတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။လုပ်ငန်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် စနစ်တကျရှိရန်နှင့် မှန်မှန်ကန်ကန် တည့်တည့်မတ်မတ်ဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက သုံးသပ်ပြောကြားသည်။“အန်ကယ် တံတားရှစ်စင်း တောင်းထားတယ်။ အစိုးရက လွှတ်တော်မှာတောင်းတော့ လေးစင်းချပေးမယ်။ ပြီးခဲ့တဲ့နှစ်က သုံးစင်းဆောက်တယ်။ ကွန်ကရစ်တံတားက တစ်ခု၊ သစ်သားတံတားက နှစ်ခု။ ကွန်ကရစ်တံတားကို သိန်း ၁၂၀၀ ချပေးတယ်။ သစ်သားတံတားကို သိန်း ၆၀၀ စီချပေးတယ်။ အဲဒီတော့ သစ်သားတံတားကို သွားကြည့်တော့ သစ်ပွတွေ၊ သစ်ရိုင်းတွေနဲ့ ဆောက်ထားတာ သွားတွေ့ရတယ်။ မသပ်မရပ်လည်း ဖြစ်တယ်။ ဆေးသုတ်ထားတယ်။ ဒါပေမဲ့ သိသာတာပေါ့။ ဒေသခံတွေကလည်း အန်ကယ်ကို တိုင်တာပေါ့” ဟု ဦးမြင့်ဦးက ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “အဲဒီတော့ အန်ကယ်က သက်ဆိုင်ရာ အရာရှိတွေဆီ ဖုန်းဆက်လိုက်တယ်။ ခင်ဗျားတို့ ပြန်ပြီး စစ်ဆေးပြီးပြီလား ဒီလိုဖြစ်နေတယ်ဆိုတော့ အရာရှိတစ်ဦးက အကြောင်းပြန်တယ်။ ဟာ ဆရာ မဖြစ်နိုင်ဘူးတဲ့ ကျွန်တော့်လူတွေ အဲဒီလို မလုပ်ပါဘူးတဲ့ ပြန်ပြောတယ်။ မဟုတ်ဘူး ကျွန်တော်က ရောက်ခဲ့ပြီးပြီ။ ကျွန်တော် စစ်ဆေးခဲ့ပြီးပြီ။ ကျွန်တော်မျက်မြင်။ ခင်များ ပြန်မေးလိုက်ဦး။ နောက်တစ်နာရီလောက်နေတော့ အန်ကယ်ဆီ ပြန်ဖုန်းဆက်တယ်။ ဟုတ်ပါတယ်။ ဆရာပြောတဲ့ အတိုင်းပဲ ကျွန်တော့်လူတွေ ဒီအတိုင်းလုပ်ထားတာ မှန်ပါတယ်။ အခုပဲ ပြန်ပြင်ဖို့ အမိန့်ပေးလိုက်ပြီ” ဟု ပြောကြားသည်။“အခုဆို အဲဒီတံတားက ပြန်လုပ်ထားပေမယ့်လည်း အခု အန်ကယ် လွှတ်တော်နားတော့ ပြန်သွားတဲ့ အခါကျတော့ လက်ရန်းတန်းတွေက ပြုတ်ကျနေတာ တွေ့ရတယ်။ သေချာ လုပ်မထားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့က ပြန်ဆက်သွယ်ပြီးတော့ ပြန်လုပ်ပေးမယ် ပြောတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။ကရင်ပြည်နယ် မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများမှ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် တည်ဆောက်ခွင့်ရ တင်ဒါအောင် ကုမ္ပဏီများ၏ မူလစာချုပ်ပါ သတ်မှတ်ချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်း မရှိမှုအပေါ် မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် မဲထော်သလေး အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ တည်ဆောက်နေသော ၁၂၀ × ၃၀ ပေ၊ အဆောက်အအုံမှာ မူလစာချုပ်ပါအတိုင်း ပြုလုပ်ရမည့်အစား အခြားသစ်များဖြင့် တံခါးရွက်ပြုလုပ်ကာ ဆေးသုတ်ခြင်း၊ အင်္ဂတေတိုင်များသည် သတ်မှတ်စံချိန်စံညွှန်း မမီခြင်းများ တွေ့ရှိရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ဆောက်လုပ်ရေးကြီးကြပ်မှု ကော်မတီမှ စစ်ဆေးခဲ့ပြီး စစ်ဆေးချက်အတိုင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀-၁-၂၀၁၅ ရက်တွင် မူလစာချုပ်ပါ စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်း ဦးသန့်ရှင်းက ပြောကြားသည်။တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့သို့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် တည်ဆောက်ခွင့်ရ တင်ဒါအောင် ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် မပြည့်မီပါက Black List စာရင်းသွင်းရန် အကြောင်းကြားထားကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။        

Most Read

Most Recent