ကိုးကန့်တိုက်ပွဲများအတွင်း တရုတ်နိုင်ငံဘက်သို့ ဗုံးဆန်များ ထပ်မံကျရောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

ကိုးကန့်တိုက်ပွဲများအတွင်း တရုတ်နိုင်ငံဘက်သို့ ဗုံးဆန်များ ထပ်မံကျရောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်
Published 29 April 2015

ကိုးကန့်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲမျာအတွင်း တရုတ်နိုင်ငံအတွင်းသို့ ဗုံးဆန်များ ထပ်မံကျရောက်ပြီးနောက် နယ်စပ်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို နယ်စပ်ဖြတ်ကျော်ခြင်းမရှိရန် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန် ဧပြီ ၂၈ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
 
မတ်လအတွင်း တရုတ်နိုင်ငံသို့ ဗုံးဆန်ကျရောက်မှုကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ လျော်ကြေးတောင်းခံခဲ့ပြီးနောက် ဗုံးဆန်များ ထပ်မံကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
 
“မကြာသေးမီက မြန်မာဘက်ကနေ ဗုံးဆန်တွေ တရုတ်နိုင်ငံနယ်နိမိတ်ထဲကို ထပ်ကျလာတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဘယ်သူမှ ထိခိုက်သေဆုံးခြင်း မရှိပါဘူး” ဟု Hong Lei က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဗုံးဆန်များ ကျရောက်ခဲ့သည့် နေရာနှင့် နေ့ရက်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိပေ။
 
“တရုတ်နိုင်ငံအနေနဲ့ လက်ရှိမှာ မြန်မာနိုင်ငံနဲ့ ခက်ထန်တဲ့ ပုံစံပြောင်းလဲ ဆက်ဆံနေပြီး မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်ပွားဖို့ အလျင်အမြန် လုပ်ဆောင်ပါလို့ တောင်းဆိုပါတယ်။ မြန်မာဘက်ကနေ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် သက်ဆိုင်သူတွေကို ထိထိရောက်ရောက် ထိန်းချုပ်မယ်လို့ ပြောထားပါတယ်။ သက်ဆိုင်သူတွေအနေနဲ့လည်း အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဆောင်ပြီး ဖြစ်နိုင်တာနဲ့ နယ်စပ်ဒေသကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”ဟု  Mr.Hong  က ပြောကြားခဲ့သည်။
 
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အကြား တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကိုးကန့်လက်နက်ကိုင်များသည် တရုတ်နယ်စပ် မီတာ ၅၀၀ အကွာထိ ဥမင်တူးကာ ပုန်းအောင်းနေကြောင်း ဖော်ပြထားသည်။
 
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသော်လည်း တရုတ်နယ်စပ်အနီး “ဝ”လက်နက်ကိုင်တပ်ဖွဲ့ဌာနချုပ်တည်ရှိရာ ပန်စန်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတက်ရောက်ရန် ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
 
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးကြမည်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို ထည့်သွင်းဆွေးနွေးရန် ငြင်းဆန်ထားသည်။

Most Read

Most Recent