မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (မြန်မာ) အစီရင်ခံစာတွင်ဖော်ပြ

မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (မြန်မာ) အစီရင်ခံစာတွင်ဖော်ပြ
Published 21 April 2015
ထက်သျှိုင်း

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိနေကြောင်း ဧပြီ ၂၀ ရက်ကထုတ်ပြန်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ၏ ၂၀၁၄ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ထိုကဲ့သို့စိန်ခေါ်မှုများသည် ပွင့်လင်းမြင်သာမှုနှင့် အာလုံးအကျုံးဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြင့်မားသောမျှော်လင့်ချက်များကို စိတ်ပျက်အားလျော့စေနိုင်ကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တုံ့ဆိုင်းနေခြင်း၊ လူမှုအဖွဲ့အစည်းများအကြား အကြမ်းဖက်မှုဖြစ်ရပ်များ၊ ပြည်နယ်အချို့တွင် မြင့်မားလာသော တင်းမာမှုများနှင့် လူ့အခွင့်အရေးမြှင့်တင်ရာတွင် နှောင့်နှေးမှုများရှိနေခြင်း စသည်တို့သည် ကျယ်ပြန့်သော ဒီမိုကရေစီအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအပေါ် ထိခိုက်နိုင်သည့် အလားအလာများရှိကြောင်း ဖော်ပြထားပြီး ထိုကဲ့သို့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ရေးလုပ်ငန်းများသည် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးများ ပိုမိုပိစေကြောင်း UNDP ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆက်လက်ပြီး အစီရင်ခံစာတွင် အစိုးရအဖွဲ့အစည်းများသည် ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကြည့်ပါက အစိုးရ၏လုပ်ကိုင်ဆောင်ရွက်ပြောင်းလဲရန်အတွက် အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပိုမိုထင်ရှားအရေးပါသော ခေါင်းဆောင်မှု၊ မိမိနှင့်သက်ဆိုင်သည့်လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်မှုနှင့် အစိုးရဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့သည် အစမှတ်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်ထားသော မဟာဗျူဟာကျသည့်မူဘောင်များ ချမှတ်ဆောင်ရွက်ခြင်းသည် အစိုးရအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများအား  ပိုမိုထိရောက်စွာ စီမံကြီးကြပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent