တန်းစီတိုးစား

တန်းစီတိုးစား
Published 21 April 2015
ဒေါက်တာခင်မောင်ညို

ယနေ့ “နဂါးမင်း”  လက်ဖက်ရည်ဆိုင်တွင် လူအတော်စုံသည်။ ကိုဘသစ် တပည့်များ ကျောင်းအား၍ လိုက်လာကြသည်။သူတို့သည် ကိုဘသစ်နှင့် တောင်အမေရိကနိုင်ငံတစ်ခုအကြောင်း ဆွေးနွေးဖြစ်ကြသည်။ ဗင်နီဇွဲလား (Venezuela) ဆိုသော နိုင်ငံတစ်ခုအကြောင်းပါ။“ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော် သမိုင်းကို စောင့်ငဲ့ကြည့်ကြသည်။ ၁၄၉၂ ခုနှစ်က ကိုလံဘတ်စ် ပထမဦးဆုံး အမေရိကတိုက်ကို တွေ့ရှိပြီးတဲ့နောက် အမေရိကတိုက်ကို ဥရောပကလူတွေ အများကြီး အခြေချနေထိုင်လာကြတယ်။ အချို့က မြောက်ဘက်မှာ နေတယ်။ အချို့က တောင်ဘက်မှာ နေကြတယ်။ မြောက်ဘက်မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုတို့၊ ကနေဒါတို့ဟာ ချမ်းသာတဲ့ (ဖွံ့ဖြိုးပြီးနိုင်ငံ) တွေဖြစ်လာကြပေမယ့် တောင်ဘက်မှာရှိတဲ့ နိုင်ငံအများဟာ ဆင်းရဲကြတယ်။ ဒီအထဲမှာ အာဏာရှင်အဆင့်ဆင့် လက်အောက်မှာနေခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံလည်း ပါတယ်”ကိုဘသစ်က ဗင်နီဇွဲလားနိုင်ငံအကြောင်း ပြောပြသည်။“ ဗင်နီဇွဲလားကို ကိုလံဘတ်စ်ကိုယ်တိုင် ၁၄၉၈ ခုနှစ်မှာ တွေ့ခဲ့တယ်။ အင်မတန်လှတဲ့ ကမ်းခြေဒေသဖြစ်လို့ ဗင်နီဇွဲလားလို့ ခေါ် တာပါ။ အဓိပ္ပာယ်က ဗင်းနစ်မြို့ငယ်လေး (Little Venice) ပဲဖြစ်တယ်”“သူတို့နိုင်ငံက အလှမယ်တွေ ထွက်တယ်မဟုတ်လား”“ဟုတ်တယ်ကွ၊ ရာသီဥတုကောင်းပြီး အသားအရေတွေ လှတယ်။ အဲဒီနိုင်ငံက မိန်းမချော မိန်းမလှလေးတွေ အများကြီးထွက်တယ်။ အဲဒီကနေ  Miss World Miss Universe တွေ အများဆုံးထွက်တယ်”“သူတို့ အင်္ဂလိပ်စကားပြောကြလား”“သူတို့ဟာ စပိန်စကားပြောတယ်။ ခုလက်ရှိ ဒီနိုင်ငံမှာ စပိန်မျိုးနွယ်စုတွေ နေတယ်။နှစ်ပေါင်း ၃၀၀ ကျော် စပိန်တို့ရဲ့ ကိုလိုနီဖြစ်ခဲ့တယ်”“ဆရာက ဒီနိုင်ငံအကြောင်း ဘာလို့ဆွေးနွေးချင်တာလဲ”“သတင်းထဲမှာ တောင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားမှာ ပြဿနာတက်နေတာတွေ့ရတယ်။ သူတို့ဟာ ကုန်ပစ္စည်းတစ်ခုရဖို့အတွက် လူတွေဟာ တန်းအရှည်ကြီး စီနေကြတယ်။ သူတို့မှာ တန်းစီတိုးစား ပြဿ နာတွေကို တွေ့တာပေါ့။”“ဘယ်လိုမျိုးလဲ”“သူတို့ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့  Caracas မှာ ပစ္စည်းတစ်ခုကို လိုချင်လို့။ တန်းစီဝယ်ယူရတာတို့၊ တက္ကစီ တန်းစီစောင့်စီးရတာမျိုးဟာ ပြဿနာတော့ မဟုတ်ပါဘူး။ အဲဒီကလူတွေဟာ ဘယ်ကုန်တိုက်မှာ ဘာတွေပေးမယ်ဆိုပြီး စုံစမ်းပြီးတော့ တန်းစီကြတယ်။ တစ်နေကုန် အချိန်တွေ ကုန်ကြတယ်”“ဟုတ်တယ်။ ဒါဟာပြဿနာပါပဲ။ သူတို့ဆီမှာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အမြစ်တွယ်ခဲ့တယ်။ တိုင်းပြည်ဟာ ခုထက်ထိ ဆင်းရဲခြင်းပြဿနာကိုမဖြေရှင်းနိုင်ဘူး၊ ကုန်ပစ္စည်းတွေ ရှားပါးတယ်”“ဒီတစ်ခေတ်ဟာ ကျွန်တော်တို့ဆီလည်း ရှိခဲ့ဖူးတာပေါ့နော်”“ ရှိတာပေါ့ဗျာ”“အဲဒီခေတ်က ပစ္စည်းတွေကရှားတော့ တန်းစီဝယ်ရတယ်”“တစ်ခါတစ်ခါလည်း လျှောက်လွှာနဲ့ လျှောက်ရတယ်။ အစိုးရအရာရှိတွေကို ခွဲတမ်းတွေပေးထားတာရှိတယ်။ ပြည်သူပိုင်သိမ်းပြီး ပေါင်မုန့်တွေ ပြတ်သွားတယ်။ ဒီတော့ ပေါင်မုန့်လိုချင်ရင် ပေါင်မုန့်စားကြောင်း ထောက်ခံချက်တွေကိုလုပ်ပြီး ရှားမီးမုန့်တိုက်မှာ တန်းစီဝယ်ယူရတယ်”“အိမ်ထောင်ပြုမယ်ဆိုရင် ဖိတ်စာနဲ့တကွ ပစ္စည်းလျှောက်ရတယ်။ ဒီအတွက် ပြဿနာသောင်းခြောက်ထောင် တက်တော့တာပဲ”“ဘာတွေလဲ”“ဖိတ်စာပါရင် လျှောက်လွှာတင်လို့ရတယ်ဆိုတော့ ဖိတ်စာအတု လုပ်တယ်။ ဒီဖိတ်စာနဲ့လျှောက်တာကို တာဝန်ရှိသူတွေက သူတို့အတွက်ပါ စာရင်းထဲထည့်ပြီး ထုတ်တာတွေရှိတယ်”“အဆင့်ဆင့်ကလည်း ဒီလူတော့ မြက်မြက်လေးရတော့မယ်ဆိုပြီး လာဘ်ယူကြတယ်”“လာဘ်ပေးရတာ များလား”“မများပါဘူး။ ရာဂဏန်းတောင် မရှိပါဘူး။ ခုခေတ်နှုန်းနဲ့ကြည့်ရင် ရယ်စရာတောင် ကောင်းနေသေးတယ်။ ဒါပေမဲ့ ဒါဟာ အကျင့်ပျက်တာကို အစပြုတာပဲဖြစ်တယ်”“နောက်တစ်ခုက မင်္ဂလာဆောင်ဆိုတာကို သတင်းစာထဲထည့်မှ ပစ္စည်းလျှောက်လို့ ရတာရှိတယ်။ ဒီတော့ မင်္ဂလာဆောင်ကြော်ငြာကို သတင်းစာထဲ ထည့်တဲ့အခါ လက်ပေါက်ကတ်တာတွေ ရှိတယ်”“ဘယ်လိုမျိုးလဲ”“အထောက်အထားတွေ၊ ရပ်ကွက်က ထောက်ခံချက်တွေ၊ လူကြီးမိဘ လက်မှတ်တွေ၊ အမျိုးမျိုးတောင်းတယ်။ အဲ လာဘ်ပေးလိုက်ရင်တော့ ပြေလည်သွားပါလေရော”“နေရာတကာ ပိုက်ဆံခင်းသွားရတာပေါ့”“ဟုတ်တယ်။ လာဘ်ယူတာရှိသလို အချို့နေရာမှာ အသိရှိမှ ရတယ်”“အဲဒီခေတ်က ဆိုရှယ်လစ် အသိရှိရမယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာပဲ”“နောက်တစ်ခုက လာဘ်ယူတာတွေအပြင် သတင်းစာကိုကြည့်ပြီး လိမ်တာတွေ ရှိလာတယ်။ ကျွန်တော်တို့ မင်္ဂလာဆောင်စဉ်ကပေါ့”  ဟု ကိုဘသစ်က အောက်ပါအတိုင်း ပြောပြသည်။“ပထမတစ်ခုက တရားသူကြီးရှေ့မှာ လက်မှတ်ထိုးတယ်။ ပြီးတော့ တံဆိပ်ရိုက်ဖို့ လိုတယ်ဆိုပြီး ကျွန်တော်တို့ကို စောင့်ခိုင်းတယ်။ တစ်နာရီလောက်စောင့်ပေမယ့် ဘာမှမလုပ်ပေးဘူး။ ဘာဖြစ်လို့လဲမေးတော့ ခု ခေတ်စကားနဲ့ပြောရရင် ရေလောင်းရမယ်လို့ဆိုတယ်။ရုံးကလူတွေကို ကျွေးမွေးဧည့်ခံရမှာပေါ့။ ဒီအတွက် ပိုက်ဆံပေးလိုက်မှပဲ လက်ထပ်စာချုပ် ထွက်လာတော့တယ်”“နောက်တစ်ခုဖြစ်တာက ကျွန်တော်တို့ လင်မယားက ကျောင်းဆရာတွေဆိုတော့ ကျောင်းသွားနေစဉ်မှာ လူတစ်ယောက်လာတယ်။ ဆရာတို့လျှောက်ထားတဲ့ ပစ္စည်းတွေရပြီလို့ အိမ်မှာလာပြောတယ်။ အိမ်မှာ ကျွန်တော့်ယောက္ခမပဲ ရှိတယ်။ သူက ပြန်လာရင်ပြောလိုက်မယ်လို့ပြောတယ်။ အဲဒီ လာပြောတဲ့လူက ကောင်းပါပြီလို့ ဆင်းသွားတယ်။ ပြီးတော့မှ ဒီနေ့ထုတ်လိုက်ရင် ကောင်းမယ်။ အန်ကယ် လာထုတ်ပါလားလို့ပြောတယ်။ ကျွန်တော့်ယောက္ခမကြီးကလည်း လိုက်သွားတယ်။အဲဒီခေတ်က လိပ်ပြာတောင်ဆိုင်တွေ ဆိုတာရှိတယ်။ ကုန်စုံဆိုင်ပေါ့။ သူ့ဆီမှာ ပစ္စည်းအားလုံးလိုလိုကို လျှောက်လွှာနဲ့မှ ရောင်းတယ်။ စောစောကပြောသလို လျှောက်လွှာကို တစ်နေရာမှာ တင်ရတယ်။ အဲဒီကနေ ဒီလူဟာ အိမ်ထောင်ပြုမှာဖြစ်တဲ့အတွက် အမှန်တကယ် လိုအပ်တယ်ဆိုပြီး ထောက်ခံချက်ရတော့မှ ဝယ်ခွင့်ရတယ်။ သူက ကျွန် တော့်ယောက္ခမကြီးကို အပြင်ဘက်အပေါက်ဝကနေ စောင့်ခိုင်းတယ်။“အန်ကယ် ငါးရာလောက်တော့ ကျမယ် အန်ကယ်ပိုက်ဆံမပါရင် ကျွန်တော်စိုက်ထားလိုက်မယ်”“ငါ့ဆီမှာ သုံးရာပဲပါတယ်”“ရတယ်လေ အိမ်ရောက်မှ ရှင်းတာပေါ့။ အန်ကယ် ဒီမှာစောင့်”ပြောပြောဆိုဆို သူပိုက်ဆံယူပြီး ထွက်သွားတယ်။ ဒါက တကယ်ထွက်သွားတာပါ။ ထွက်သွားပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး”ကိုဘသစ် ရယ်နေပါသည်။“ဒါက လိမ်တာပေါ့”“လိမ်တာပါ။ ပြောရဦးမယ်။ အဲဒီခေတ်က ရွှေဈေးက တစ်ကျပ်သား သုံးရာဆိုတော့ ခုခေတ် ၆ သိန်းကျော် လိမ်ခံရတာနဲ့ တူပါတယ်။ ဒါပေမဲ့ ကံကောင်းတာတွေလည်း ရှိတတ်ပါတယ်”“ဘယ်လိုမျိုးလဲ”“ကံကောင်းလို့ နိုင်ငံခြားသွားလိုက်ရရင် အတော့်ကို ချမ်းသာသွားတယ်။ အထူးသဖြင့် ကားဝယ်ပြန်လာတဲ့ အခါတွေမှာပေါ့”“ဟုတ်ပါ့။ ဆိုရှယ်လစ်ခေတ်မှာ လူအတော်များများဟာ တရားသံဝေဂရသွားကြသလို အချို့ကတော့ လောဘနွံထဲ နစ်သွားကြပြီး လုံးပါးပါးသွားတာလည်း ရှိတယ်”“ဘယ်လိုမျိုးလဲ”“ဥပမာ ငွေစက္ကူတွေကို တရားမဝင် လုပ်လိုက်တဲ့အခါ မိမိကိုယ်ကိုယ် သတ်သေသွားသူတွေလည်း အများကြီးပဲ။“ဒါကို ယနေ့ ဗင်နီဇွဲလားမှာ မြင်နေရတယ်။ ဘာလို့လဲ”“ပစ္စည်းတွေကို ကန့်သတ်ရောင်းချတာကိုး။ ဆင်းရဲတော့ ကန့်သတ်၊ ကန့်သတ်တော့ ဆင်းရဲနဲ့ ကန့်သတ် သံသရာထဲမှာ  ကန့်သတ်ရင်း ပေါက်တတ်ကရတွေ ဖြစ်ကုန်တော့တာပါပဲ”“ဒါကြောင့် ဈေးကွက်ကို လွတ်လပ်စွာတည်နေဖို့အရေးကြီးတယ်။ ကန့်သတ်ချုပ်ချယ်ခြင်းမရှိတဲ့ Free Market ဆိုတာဟာ အကောင်းဆုံးလို့ဆိုတယ်”“ဗင်နီဇွဲလားဟာ အာဏာရှင်စနစ်ရဲ့ နောက်ဆက်တွဲဒဏ် ခံနေရတာပေါ့ ဟုတ်လား”“ဟုတ်ပါ့။ ကျွန်တော့်ဆီလည်း အဲဒီလိုမဖြစ်ရလေအောင် ပထမအဆင့်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြဖို့လိုတယ်”“ဟုတ်တယ်။ နိုင်ငံက ချမ်းသာမှ ပြည်သူတွေ အဆင်ပြေမယ်။ ဒီအတွက် မှန်မှန်ကန်ကန်အုပ်ချုပ်တဲ့ မင်းအစိုးရတွေလိုတယ်။ သိပ်နောက်မကျခင် မမှန်မကန်လုပ်ရပ်တွေကိုလည်း ရပ်တန်းက ရပ်ဖို့လိုတယ်။ ပြည်သူတွေလည်း ကြိုးစားဖို့လိုတယ်”စကားဝိုင်းသိမ်းလိုက်ပါသည်။ နဂါးမင်း လက်ဖက်ရည်ဆိုင်မှ ထွက်ခွာခဲ့ကြပါသည်။

Most Read

Most Recent