ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မေလတွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ တင်မည်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မေလတွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ တင်မည်
Published 20 April 2015
မျိုးမင်းထက်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မေ ၁၁ ရက်တွင် ပြန်လည်ကျင်းပမည့်  (၁၂) ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွင် တင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ ဆုံးဖြတ်ထားသည်။
“နိုင်ငံတော်အခြေခံမူများအရ နိုင်ငံတော်အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အချုပ်အခြာအာဏာ၏ အရင်းအမြစ်မှာ နိုင်ငံသားများသာဖြစ်ပြီး နိုင်ငံသားများသာလျှင် ရွေးကောက်တင်မြှောက်သူ၊ ရွေးကောက်တင်မြှောက်ခံသူများ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပုဒ်မ ၃၉၁ တွင်ပါရှိသော ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူဟု ဆိုရာတွင် နိုင်ငံသားအရည်အချင်း ရှိသူများကို ရည်ရွယ်ကြောင်း မြင်သာပါကြောင်း၊ ယာယီသက်သေခံလက်မှတ် ဆိုသည်မှာ အကြောင်း တစ်ရပ်ရပ်အရ အချိန်ကာလ တစ်ခုအတွက် ယာယီထုတ်ပေးခြင်းသာဖြစ်သဖြင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူများမှာ စိစစ်မှုခံယူရမည့် သူများဖြစ်ကြောင်း၊ ဤအခြေအနေတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် သူများအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဖော်ဆောင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အရေးအရာများ၌ပါ ဝင်ခွင့်ပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၊ ပုဒ်မ  ၃၈ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေမည်ဖြစ်ပါကြောင်း၊ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် ပြဋ္ဌာန်းထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း” ခုံရုံးမှ အကြောင်းပြန်ထားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုပါ  ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်အတည် ပြုထားသည်။
“အဲဒါလေးပြင်ပြီးတာနဲ့ ပြီးပြီ။ မေလ ပြန်စရင် အဲဒါကိုတင်မှာလေ။ ပြင်ဆင်တာလေးကို ထည့်ဖြည့်ရမှာပေါ့” ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအပါအဝင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကိုပါ ပြင်ဆင်ရန် ဥပဒေကြမ်းများအဖြစ် လွှတ်တော်သို့ တင်သွင်းရန်အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ် မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလအတွင်းပြုလုပ်ရန်မှာ လက်ရှိအနေအထားအရ မဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားထားပြီး  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း မေလအတွင်း လုံးဝမဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားထားသည်။
 

Most Read

Most Recent