စာရေးဆရာခံယူချက်

စာရေးဆရာခံယူချက်
Published 17 April 2015
မြေနီသစ္စာ

“စာရေးဆရာသည် လူ့လောကအထက်က သီးခြားရှိပြီး သမာသမက် လုပ်နိုင်တယ်လို့ ဘယ်တုန်းကမှ မယုံကြည်ဘူး။ စာရေးဆရာဟာ လူတန်းစားတိုက်ပွဲ ပြင်ပကနေလို့ မရဘူး။ နေဖို့ မည်မျှစိတ်ကူးယဉ် မည်မျှ ဟန်ဆောင်ဆောင် ကာယကံမြောက်ကျတော့ ဘက်လိုက်ကြောင်း ဖုံးသမျှ ပေါ်တာပါပဲ။ ဒါကြောင့် စာရေးဆရာဟာ နားလည်ပါးလည်နဲ့ကို ပြည်သူလူထုဘက်က ပါရမယ်။ ဘက်လိုက်ရမယ်။
 
သိန်းဖေမြင့် - စာပေဝေဖန်ရေးတွင် ဘယ်မှတ်ကျောက်ကို အဓိကထားမည်နည်း။ (စာပေသမားဂျာနယ်၊ စာ-၁၇)
 
ယင်းသည် စာရေးဆရာကြီး သိန်းဖေမြင့်၏ သဘောထားဖြစ်သည်။ စာရေးဆရာကြီး ဒဂုန်တာရာ၏ သဘောထားကတော့ နုသည်။ နက်သည်။
 
“စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘဝကို ထိတွေ့ခံစားရှုမြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။ သူ၏ အတတ်ပညာသည်ကား သူ၏ စာဖတ်ပရိသတ် (ဝါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင် နှစ်သက်ယုံကြည်အောင် ရသခံစားအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။စာဖတ်ပရိသတ်က သူ၏စာပေကို နှစ်သက်ခံစားခြင်းရှိသလောက် သူ၏ စာပေအင်အားသည် ကြီးမားလှပေသည်။
 
ဆရာကြီး ပီမိုးနင်းက စာရေးဆရာ၏ အနုပညာပါသော အတတ်ပညာနှင့်ပတ်သက်၍ ဤသို့ ရှုမြင်ကျင့်သုံးသည်။
 
“မီးဖိုချောင်အကြောင်းကိုဖတ်၍ မငြီးအောင် ရေးတတ်ရသည်။ ဆီမီးခွက်အကြောင်းကို ဖတ်၍ ကောင်းအောင်ရေးခြင်းသည် အလောင်းစည်သူအတ္ထုပ္ပတ္တိကို ကောင်းအောင်ရေးခြင်းထက် ခက်ခဲကြီးလေးလေသည်။ အလောင်းစည်သူ၏ အတ္ထုပ္ပတ္တိမှာ ရာဇဝင်ရှိ၏။ ဆီမီးခွက်အကြောင်းမှာ ပိုမို အားပြုရေးစရာ စာပေကျမ်းဂန်မရှိ။ စိတ်ကူးနှင့် ရေးရလိမ့်မည်။ မသိသူတို့၏ စိတ်၌ကား အသေးအဖွဲဟု ပြောပေလိမ့်မည်။ အသေးအဖွဲကို ဖတ်၍ကောင်းအောင် ရေးတတ်မှ စာရေး ဆရာကောင်းဖြစ်သည်ကို မစဉ်းစားကြပေ။ 
 
“ဘယ်လိုစာမျိုးကို ဆရာကြီးပီမိုးနင်း ရေးကြောင်း သိန်းဖေမြင့်က သူသိသမျှ ဤကဲ့သို့ ဖော်ပြထားသည်။ 
 
“ပီမိုးနင်းသည် တိုင်းပြည်ကို လိမ်လည်လှည့်ဖြားသော စာကို ဘယ်ခါမျှမရေးခဲ့။ ဗြိတိသျှအင်ပီရီရယ်လစ်အစိုးရကို ဘယ်တုန်းကမျှ မချီးကျူးခဲ့။ နိုင်ငံခြားသားများက မဟာတစ်မျိုးသားလုံးကို သွေးစုပ်နေသည်။ နိုင်ရာစား လုပ်နေသည်ကို ဘယ်ခါမျှမထောက်ခံခဲ့။ 
အမျိုးသားဘက်က ရေးခဲ့သည်။ တိုင်းပြည်ဘက်က ပါခဲ့သည်။ 
 
ယင်းဖော်ပြချက်ကို ထောက်ရှုလျှင် စာရေးဆရာသည် အမျိုးသားအကျိုးစီးပွားအတွက် ဘက်လိုက်ရေးသားရသည်။ တိုင်းပြည်ဘက်က ရပ်တည်ရေးသားရမည်ဟု ဆိုလို၏။ စာရေးဆရာသည် ပြည်သူလူထုဘက်က ပါရမယ်။ ဘက်လိုက်ရေးရမယ်ဟူသော ဆရာကြီး သိန်းဖေမြင့်၏ အယူအဆကို အစောကြီးကတည်းက ပီမိုးနင်းကျင့်သုံးခဲ့ကြောင်း စာရေးဆရာ၏ ဝါဒသည် ဤကဲ့သို့သာ ဖြစ်ရမည်ဟု ဖော်ပြထားခြင်း ဖြစ်ပေသည်။ 
 
“စာရေးဆရာသည် ဝတ္ထုမရေးခင်ကတည်းက ကိုယ်ပိုင်လောကအမြင် ရှိနှင့်နေပြီ ဖြစ်သည်။ ယင်းလောကအမြင်ဖြင့် လူနှင့် လူ့ဘောင်ကို သူကြည့်သည်။ သူကြည့်သကဲ့သို့ သူပြင်သည်။ သူမြင်သကဲ့သို့ သူရေးသည်။ ဤတွင် ဝတ္ထုရေးသူ လူရှစ်ယောက် ၏ အခန်းက ပေါ်လာ၏။ သူအဘယ်လောကအဖြစ်ကို ကိုင်စွဲသနည်း။ ဤတွင် အလွန်တရာ သိမ်မွေ့သော ပြဿနာဝင်လာသည်။ စာရေးဆရာကိုင်စွဲသော လောကအဖြစ်သည် သူနေသော လူ့ဘောင်၏ လူနေမှုအဖွဲ့အစည်း သမိုင်းအစဉ်အလာ ပထဝီဝင်အနေအထား ယဉ်ကျေးမှုအမျိုးအစားနှင့် အဆင့်အတန်း  ဤသဘောတရားအားလုံးတို့နှင့် ဆက်နွှယ်နေသည်။ 
 
စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ စာရေးဆရာအပေါ် ခွဲခြမ်းစိတ်ဖြာ အမြင်သည် စာရေးဆရာဘယ်လဲ၊ ဘာလဲကို အဖြေပေးလိုက်ခြင်း ဖြစ်သည်။ 
 
ကိုယ်ပိုင်ဉာဏ်သုံးခြင်း ခေတ်ဟောင်း စနစ်ဟောင်းကို တော်လှန်ပြောင်းလဲပစ်ခြင်း မှာ စာပေသစ်၏ လက္ခဏာပင်ဖြစ်သည်။ စာပေသစ်ဆရာတို့က “လူသားအားလုံးအတွက် စာရေးဆရာ၌ တာဝန်ရှိသည်။ သူ၏ တာဝန်မှာ လူ့သိက္ခာ လူ့တန်ဖိုးများကို ယုတ်လျော့ပျက်ပြားစေရန် အမြဲအလိမ်အညာ လက္ခဏာ အတုအယောင်များကို ဖော်ထုတ် သတိပေး ရေးသားညွှန်ပြရန်ပင်ဖြစ်သည်။ 
 
ယင်းကား စာရေးဆရာကြီးထင်လင်း၏ သုံးသပ်ချက်ပင် ဖြစ်သည်။ စာရေးဆရာသည် လူထုအကျိုးကို သယ်ပိုးဆောင်ရွက်ရန် လိုအပ်ပါသလား။ စာရေးဆရာတို့သည် မိမိသရုပ်ဖော်သော အချက်၌ ကိုယ်တွေ့မျက်မြင် ဗဟုသုတနှင့် ပြည့်စုံသည်ကို တွေ့ရပါသည်။ 
အတွေ့အကြုံဗဟုသုတစာနှင့် ပြည့်စုံသော စာရေးဆရာသည် ဘဝကို သရုပ်ဖော်ရာ၌ ကလောင်နိုင်ပါသည်။ အတွေ့အကြုံ ဗဟုသုတတို့ကို ဆင်ခြင်သုံးသပ်ရာ၌ ယထာဘူတကျအောင် ဆင်ခြင်သုံးသပ်သော မိမိတို့ ဖန်တီးလိုက်သော စာပေလုပ်ရပ်သည် လူထုအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်ပါလိမ့်မည်” ဟု စာရေးဆရာကြီး မောင်ထင်က ဖော်ထုတ်တူးဆွထားသည်။ ဓမ္မနှင့် အဓမ္မအမှားနှင့် အမှန်ကို စာပေအရေးအသားဖြင့် ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်တင်ပြနိုင်သူ ဖြစ်ရမည်။ အမှန်ဘက်က ရဲဝံ့စွာပြတ်ပြတ် သားသား ရပ်တည်နိုင်ရပေမည်။ စာရေးဆရာသည် ဖုံးကွယ်ထားသော မတရားမှုတို့ကို  အနုပညာစာပေဖြင့် ဖော်ထုတ်နိုင်ရပေမည်။ လူထုကို အလင်းရောင်ပေးနိုင်ရမည်။ စာရေးဆရာသည် လူ့ဘဝကို စုံစမ်းစစ်ဆေးစောကြောသောနည်းဖြင့် သရုပ်ဖော်နိုင်ရမည်။ 
ပညာပေးမှုအမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာပြနိုင်ရပေမည်။ စာဖတ်ပရိသတ်တို့ကို ဤလောက၌ ဤသို့ဖြစ်ပေါ်နေသည်ရှိနေဖြစ်နေစီး ဆင်းရွေ့ရှားနေသော အခြေအနေမှန်တို့ ရှိနေသည်ကို သတင်းစာဆရာတစ်ဦး တင်ပြသည်ထက် အနုပညာဖြင့် စရနယ်ထားသော တင်ပြနည်းဖြင့် နူးညံ့သိမ်မွေ့စွာ တင်ပြနိုင်ရပေမည်။ 
 
ဤကား မိမိ၏ ခံယူချက်ဖြစ်သည်။ မိမိသည် ၁၉၅၆ ခုနှစ် ဧပြီလထုတ် စုံထောက်ဝတ္ထုမဂ္ဂဇင်းပါ အငြှိုးဝတ္ထုဖြင့် စာပေလောကသို့ ဝင်ရောက်လာသူ ဖြစ်သည်။ ယင်းကြောင့် မိမိစာရေးလာသည်မှာ အနှစ်ခြောက်ဆယ်ရှိရန် တစ်နှစ်သာ လိုပါတော့သည်။ စာရေးဆရာဘဝကို မိမိမြတ်နိုးသည်။ မိမိ၏ နောက်ဆုံးနေ့အထိ စာရေးသွားမည် ဖြစ်သည်။ မိမိအမြင်သည် ယင်းအတိုင်း မပြောင်းလဲပါ။ 
 
ထို့ပြင် စာရေးဆရာသည် စာဖတ်သူ လူထုကြီး၏ ဝေဖန်မှုကိုလည်း ခံနိုင်ရည်ရှိရမည်ဖြစ်သည့်အပြင် ယင်းဝေဖန်မှုအပေါ်တွင် အကျိုးသင့် အကြောင်းသင့်ဖြင့် စာဖတ်သူတို့ကို ပြန်ကြားပေးသူဖြစ်ရန်လည်း လိုအပ်ပါကြောင်း တင်ပြလိုက်ရပေသည်။