ကိုးကန့်ဒေသ တိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အဟန့်အတားဖြစ်စေနိုင်သည့်အတွက် လက်ရှိထိုးစစ်များအား ရပ်တန့်၍ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် UNFC ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်ထံ စာပေးပို့ တောင်းဆို

ကိုးကန့်ဒေသ တိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အဟန့်အတားဖြစ်စေနိုင်သည့်အတွက် လက်ရှိထိုးစစ်များအား ရပ်တန့်၍ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် UNFC ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်ထံ စာပေးပို့ တောင်းဆို
Published 17 April 2015
ဇာလီမြင့်ဦး

ကိုးကန့်ဒေသတွင် ဖြစ်ပွားနေဆဲဖြစ်သော အစိုးရတပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အဟန့်အတားဖြစ်စေနိုင်သည့်အတွက် လက်ရှိထိုးစစ်များကို ရပ်တန့်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လက  သမ္မတဦးသိန်းစိန်ထံ ဧပြီ ၁၃ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။ 
 
မကြာမီက ပြီးဆုံးသွားခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့၏ ခုနစ်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းဆွေးနွေးပွဲတွင် ရရှိခဲ့သော အတည်ပြုမူကြမ်းသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရလဒ်ကောင်းအဖြစ် ရှုမြင်ကြောင်းနှင့် အဆိုပါရလဒ်ကောင်းကို ဆက်လက်သယ်ဆောင်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြရန်အတွက် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်၍ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန်လိုအပ်ကြောင်း အကြံပြုတိုက်တွန်းလိုသည်ဟု ဖော်ပြထားသည်။
 
ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခသည် တိုင်းပြည်အတွက် လွန်စွာစိုးရိမ်ဖွယ်ရာဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတွက် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန်အတွက် အဆိုပါ ပဋိပက္ခများက အဟန့်အတားသဖွယ် ဖြစ်လာနေကြောင်း ထည့်သွင်းဖော်ပြထားသည်။   
 
ကိုးကန့်ဒေသအတွင်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) မှာ လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် ပါဝင်နေသည့် NCCT အဖွဲ့ဝင်တပ်ဖွဲ့ဖြစ်သကဲ့သို့ UNFC တပ်ပေါင်းစု၏ အဖွဲ့ဝင်တစ်ဖွဲ့လည်းဖြစ်ကြောင်း ဖော်ပြထားသည်။
 
ထို့ကြောင့် သမ္မတကြီးဦးဆောင် အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကိုးကန့်တပ်ဖွဲ့အပါအဝင် အခြားသောသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူတကွ တွေ့ဆုံဆွေးနွေးခြင်းနည်းနာဖြင့် အဖြေရှာ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သမ္မတကြီး၏ စွမ်းပကားဖြင့် အမြန်ဆုံးဖော်ဆောင်ပေးလိုကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အိတ်ဖွင့်ပေးစာမှ တစ်ဆင့် တောင်းဆိုခဲ့သည်။
 
မြေပြင်တွင် ဖြစ်ပေါ်နေသည့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများကြောင့် နှစ်ဖက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရမှုများမှာလည်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေသလို ဤသည်တို့မှာ တိုင်းပြည်၏ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများလည်းဖြစ်ကြောင်း နှင့် သို့ဖြစ်၍ နောက်ခံအကြောင်းအရာ၊ မည်သို့ပင်ရှိစေကာမူ ပြည်ထောင်စုကြီး၏ အနာဂတ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ရှေးရှုလျက်စေ့စပ်ညှိနှိုင်းမှု နည်းနာဖြင့် အဖြေရှာစေလိုကြောင်း ဖော်ပြထားသည်။
 
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် အားလုံးပါဝင်မှုရှိမှ အဓိပ္ပာယ်ပြည့်ဝသောပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်သည့်နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ တက်လှမ်းနိုင်ရေးအတွက် လက်ရှိ ထိုးစစ်ဆင်မှုအားလုံးကို အမြန်ဆုံးရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 
 
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နှစ်ကျော်ကြာ ညှိနှိုင်းခဲ့သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို မတ် ၃၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲ ခုနစ်ရက်မြောက်နေ့တွင် အပြီးသတ် သဘောတူညီမှု ရရှိခဲ့သည်။
 
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန်အတွက် လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများလျှော့ချ ရပ်တန့်ရန် လိုအပ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင်များက ပြောကြားထားသည်။

Most Read

Most Recent