နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်းကို မေလဆန်းတွင် ပြုလုပ်မည်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်းကို မေလဆန်းတွင် ပြုလုပ်မည်
Published 8 April 2015
အောင်ဇော်ထွန်း

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ လုပ်ငန်းကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်းကို လာမည့် မေလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း FPPS ၏ လုပ်ငန်းကော်မတီဝင် တစ်ဦးဖြစ်သူ ဦးရဲအောင်က ပြောကြားသည်။အဆိုပါ ရွေးချယ်ပွဲမတိုင်မီ ဧပြီလအတွင်း၌ FPPS ၏ လုပ်ငန်းကော်မတီများအားလုံး ပါဝင်သည့် အစည်းအဝေးတစ်ခု ကျင်းပကာ ရွေးချယ်ပွဲကျင်းပရေး ကော်မတီ ဖွဲ့စည်းသွားမည်ဟု ဦးရဲအောင်က ပြောကြားသည်။“နဂို ရွေးချယ်ထားတာ ကော်မတီဝင် အားလုံး ၂၅ ဦးရှိပါတယ်။ ၂၅ ဦးက လက်ရှိလည်း နိုင်/ကျဉ်းကော်မတီနဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေ ရှိသလို တချို့ကလည်း နည်းနည်းကင်းကွာသွားတဲ့သူတွေ ရှိပါတယ်။ အဲဒီလူတွေကို ပြန်လည်ဖိတ်ကြားမှာ။ ဖိတ်ကြားပြီးတော့ အဲဒီလူတွေက တိုက်ရိုက်ရွေးချယ်ခံထားရတဲ့သူတွေ ဖြစ်တဲ့အတွက် နောက်ရွေးချယ်ပွဲမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်။ ရွေးချယ်ပွဲကို ဘယ်လိုပုံစံ ကျင်းပမယ်ပေါ့။ ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာကို ဆုံးဖြတ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ ရွေးချယ်ပွဲ ထုံးစံကတော့ ကျွန်တော်တို့က နောက်ကော်မတီ မရွေးချယ်မီ ရှေ့ကကော်မတီဝင်တွေအကုန် နုတ်ထွက်ပေးရပါတယ်။ နုတ်ထွက်ပေးရတယ်ဆိုတော့ အဲဒီစည်းကမ်းချက်တွေ ချမှတ်ပြီးတော့ နောက်ဆုံး ကော်မတီဝင် ရွေးချယ်ပွဲ ဘယ်လိုလုပ်မလဲဆိုတာ ဒီလေးလပိုင်းထဲမှာ အပြီးသတ် ကျလာမှာပါ။ ပြီးရင် ငါးလပိုင်း ပထမပတ်မှာ ဖြစ်မြောက်ရေးကော်မတီက သတ်မှတ်တဲ့အတိုင်း ညီလာခံဖြစ်ဖြစ် အစည်းအဝေး တစ်ခုခုဖြစ်ဖြစ် အဲဒါမျိုးကို ပြန်ခေါ်ပါမယ်။ ပြန်ခေါ်ပြီးတော့ အဲဒီမှာ ရွေးချယ်ပွဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးရဲအောင်က ဆိုသည်။ထို့ပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပူးပေါင်းကာ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ စာရင်းအချက်အလက် ကောက်ယူခြင်းနှင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent