အက်ဒမန် ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခုအား ကနေဒါကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရထားပြီး စမ်းသပ်တူးဖော်မှုကို ၂၀၁၅ စက်တင်ဘာတွင် ဆောင်ရွက်ဖွယ်ရှိ

အက်ဒမန် ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခုအား ကနေဒါကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရထားပြီး စမ်းသပ်တူးဖော်မှုကို ၂၀၁၅ စက်တင်ဘာတွင် ဆောင်ရွက်ဖွယ်ရှိ
Published 6 April 2015
ဇော်မိုးဦး

အက်ဒမန် ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခုကို ကနေဒါကုမ္ပဏီ တစ်ခုမှ လုပ်ကိုင်ခွင့်ရထားပြီး စမ်းသပ်တူးဖော်မှုကို ၂ဝ၁၅ စက်တင်ဘာလအတွင်း ဆောင်ရွက်ဖွယ်ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း တည်ရှိသော ကျွန်းဘုရင် ကတန်းကျွန်းကြီး၏ အနောက်ဘက်ကမ်းလွန် ရေနံလုပ်ကွက် M-15 ဧရိယာအတွင်း စမ်းသပ်တူးဖော်မည်ဖြစ်ကာ ဧရိယာမှာ ကီလိုမီတာ ၁၃၄၈ဝ ကျယ်ဝန်းနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့သိုက်ကြီးတစ်ခု ဖြစ်လာနိုင်ပြီး အဆိုပါ စီမံကိန်းကြီးအား CFG (Canadian Foresight Group Pte.C.,Ltd) CBG (Century Bright Gold Co.,Ltd (မြန်မာ) နှင့် TRG Co.,Ltd. တို့ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။“အက်ဒမန် ပင်လယ်အတွင်းမှာရှိတဲ့ ကမ်းလွန်ရေနံလုပ်ကွက် M-15 ဧရိယာမှာ စမ်းသပ်လုပ်ကိုင်ခွင့်ကို ၂ဝ၁၅ မတ် ၃ဝ ရက်မှာ ရရှိထားပြီးပါပြီ။ မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးထားပြီး ဒီက ဒေသခံတွေကို လုပ်ငန်းမစတင်မီမှာ လာရောက်ပြီး စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတာပါ။ ဒီကဒေသခံတွေရဲ့ အကြံပေးမှု၊ ဆွေးနွေးမှုတွေကို လက်ခံပြီး ဘယ်လိုဆောင်ရွက် သွားသင့်သလဲ ဆိုတာကို သိချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အထိခိုက် နည်းနိုင်သမျှ နည်းနိုင်အောင် အဆင့်မြင့် နည်းပညာတွေ သုံးပြီး ဆောင်ရွက်မှာပါ” ဟု Canadian Foresight Group Pte.C.,Ltd မှ ဒုဥက္ကဋ္ဌ မစ္စပါလာဝူးက ပြောကြားသည်။မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်သည့် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံလူထုနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်အတွင်း လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်ကို တွက်ချက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ လာမယ့် စက်တင်ဘာလလောက်မှာ စမ်းသပ်တူးဖော်မှု စတင်နိုင်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် စီမံကိန်း မစတင်ခင်မှာ ဒေသခံလူထုနှင့် လာရောက်တွေ့ဆုံပြီး ရှင်းလင်းပြတာပါ။ ဖြစ်နိုင်ရင်တော့ ဒီဇင်ဘာလလောက်မှာ လုပ်ငန်းစတင်ချင်တယ်” ဟု မြန်မာနိုင်ငံ တာဝန်ခံ ကိုကျော်မိုးကဆိုသည်။စမ်းသပ်မည့်နေရာမှာ မီတာထောင်နှင့်ချီနက်သည့် ရေနက်ပိုင်းတွင်ဖြစ်ပြီး ငါးဖမ်းလုပ်ကွက်များနှင့် ဝေးသည့်နေရာတွင် ဖြစ်ကြောင်း၊ ငါးဖမ်းလှေ အများစုမှာ မီတာ ၂ဝဝ အနက် ပတ်ဝန်းကျင်တွင်သာ လုပ်ကိုင်မှုများပြီး မီတာထောင်ချီနက်သည့် နေရာများတွင် လုပ်ခြင်းမရှိကြောင်း ရေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။တနင်္သာရီကမ်းလွန်တွင် ရဲတံခွန်၊ ဇောတိက အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထွက်ရှိသော်လည်း စာချုပ်လက်မှတ် ရေးထိုးရာတွင် လက်လွန်ခဲ့မှုများ ရှိနေသောကြောင့် ခံစားခွင့်များ နည်းပါးနေပြီး ယခုလုပ်ကိုင်မည့် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ အနေနှင့် ရရှိလိုသည့် အခွင့်အလမ်းများကို တင်ပြနိုင်သလို မိမိတို့အစိုးရ အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် အစီရင်ခံစာများ၊ ဒေသခံများ၏ အသံများကို နားထောင်ပြီးမှသာ ဆက်လက်လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီးပွား/စီမံ ဘဏ္ဍာဝန်ကြီး ဦးသိန်းလွင်က ဆိုသည်။    

Most Read

Most Recent