ထိုင်းနိုင်ငံထုတ် ကားများ မြဝတီနယ်စပ်မှ တရားဝင်တင်သွင်းမှု မြင့်တက်လာခြင်းကြောင့် သောင်ရင်းကမ်းစပ်ရှိ ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ကားများ ဈေးကျပြီး အရောင်းအဝယ်အေး

ထိုင်းနိုင်ငံထုတ် ကားများ မြဝတီနယ်စပ်မှ တရားဝင်တင်သွင်းမှု မြင့်တက်လာခြင်းကြောင့် သောင်ရင်းကမ်းစပ်ရှိ ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ကားများ ဈေးကျပြီး အရောင်းအဝယ်အေး
Published 6 April 2015

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံထုတ် ကားများ တရားဝင်တင်သွင်းမှု မြင့်တက်လာခြင်းကြောင့် သောင်ရင်းကမ်းစပ်ရှိ ဂျပန်တစ်ပတ်ရစ် Without ကားများ ဈေးလျော့ကျနေပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း ကားဝယ်ရောင်း လုပ်သူများထံမှ သိရသည်။“ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ Opencab ခေါ် တစ်ခန်းခွဲ Vego Hilux ကားတွေ မြဝတီကုန်သွယ်ရေးဇုန်မှာ အခွန်ဆောင်တင်သွင်းလို့ ရတဲ့အတွက် အဝယ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ သုံးလကထက် ဘတ်တစ်သောင်းခွဲလောက် ဈေးတက်သွားပါတယ်။ ဂျပန် Without ကား ဈေးကွက်တော့ အေးနေပါတယ်” ဟု ကားလောကအတွင်း နှံ့စပ်သူတစ်ဦးက ပြောကြားသည်။အဆိုပါ ထိုင်းနိုင်ငံထုတ် Opencab ခေါ် တစ်ခန်းခွဲ Vego Hilux ကားများကို တံတားပေါ်မှ တင်သွင်းရန် တရားဝင်ဝယ်ယူလျှင် ဘတ်ခြောက်သိန်းဝန်းကျင်နှင့် ဝယ်ယူရလွယ်ကူပြီး ဘေးဂိတ်မှတင်သွင်းမည့် ကားများကိုမူ ဘတ်ငါးသိန်း ဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်သော်လည်း လိုအပ်သလောက် ဝယ်ရခက်နေသည်ဟု ကားကုန်သည်များက ပြောကြားသည်။“ပြီးခဲ့တဲ့ လတွေကတော့ ဂိတ်တွေပိတ်မယ်။ Without ကားတွေ တင်သွင်းခွင့် မရှိတော့ဘူးဆိုပြီး သတင်းထွက်လာတဲ့အတွက် ဂိတ်ထဲကို ကားတွေ မဝင်ဘူး။ နယ်ကားဝယ်လက် လိုက်ခဲ့တယ်။ ခုတော့ ဝယ်လက် သိပ်မရှိပါဘူး” ဟု ဂိတ်အတွင်း ကားဝယ်ရောင်း လုပ်သူတစ်ဦးက ပြောကြားသည်။ယင်းကဲ့သို့ လိုင်စင်မဲ့ကား ရောင်းဝယ်မှု လျော့ကျလာခြင်းမှာ နယ်စပ်ဂိတ်များသို့ ဂျပန်ကားများ ထပ်မံရောက်ရှိလာခြင်း၊ နယ်မြို့များတွင် ဖမ်းဆီးမှု ရှိလာခြင်းနှင့် မြဝတီနယ်စပ်စခန်းမှ တရားဝင်ကားတင်သွင်းမှု များပြားလာခြင်းတို့ကြောင့် ဖြစ်သည်ဟု သွင်းကုန်ထုတ်ကုန် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။နယ်စပ်မှ Duty ဖြင့် တင်သွင်းသော ကားများတွင် အရောင်းအဝယ်သွက်သော ကားများအဖြစ် Toyota Vigo, Hiace Commuter, Nissan Navara, Mazda BT50 ကားများ လူကြိုက်များလျက်ရှိပြီး သောင်ရင်းတစ်ဖက်ကမ်းရှိ Japan ကားများ သိုလှောင်ရောင်းချသည့် ဂိတ်များတွင် ဝယ်လက်အနည်းငယ်လိုက်ခဲ့သည့် Toyota Surf, Prado, Kluger, Gaia, Probox, Passo, Belta, Ractis, Wish, Caldina, Mark X, Alphard, Crown Will တို့မှာ ယခုအခါ လနှင့်ချီ၍ ဝယ်လက်မျှော်နေရသည်ဟု ဆိုသည်။“ဒီ ၁၃ ဂိတ်မှာကတော့ ရောင်းမထွက်တဲ့ ကားကျန်တွေ များပါတယ်။ ဟိုဘက် ၁၃ ခွဲဂိတ်မှာက ကားအသန့်တွေ ပိုများပါတယ်” ဟု ကားဝယ်ရောင်းလုပ်သူ တစ်ဦးက ဆိုသည်။ဂျပန်နိုင်ငံထုတ် ကားများအား ထိုင်းနိုင်ငံ တစ်ပတ်ရစ်ကား ကုန်သွယ်မှုလုပ်သည့် ကုမ္ပဏီများက ဘန်ကောက်ဆိပ်ကမ်းမှတစ်ဆင့် ကွန်တင်နာကြီးများဖြင့် တင်ဆောင်ကာ သောင်ရင်းမြစ်ကမ်းစပ် (ထိုင်းဘက်ကမ်း)ရှိ ကားသိုလှောင်ဂိတ်များတွင် စုပုံထားရှိပြီး ရောင်းချလျက်ရှိသည်။

Most Read

Most Recent