Black List သတ်မှတ်ခံရသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများအား သတင်းစာတွင်ထည့်သွင်းကြေညာသင့်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား

Black List သတ်မှတ်ခံရသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများအား သတင်းစာတွင်ထည့်သွင်းကြေညာသင့်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား
Published 3 April 2015
စိုးမင်းထိုက်

Black List သတ်မှတ်ခံရသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများအား သတင်းစာတွင် ထည့်သွင်းကြေညာသင့်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီ ၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "အစိုးရအဖွဲ့ကလည်း ပြန်ပြီးတော့အစီရင်ခံပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကိုအသိပေးပါတယ်။ စစ်ဆေးရေးအဖွဲ့က Black List သွင်းသင့်ပါသည်ဆိုတဲ့ဟာတွေကို သတင်းစာမှာကြေညာသင့်တာပေါ့။ ဒီပုဂ္ဂိုလ်၊ ဒီကုမ္ပဏီတွေကို Black List သွင်းလိုက်ပြီဆိုပြီးတော့ပေါ့။ ကုမ္ပဏီနာမည်ရော၊ လူပုဂ္ဂိုလ်တွေရော။ ဒီလိုလုပ်မှဖြစ်မှာပေါ့။ ဒီအတိုင်းဆို ကုမ္ပဏီနာမည်ပြောင်းပြီးထပ်လုပ်နေမှာပေါ့။ ဒီပုဂ္ဂိုလ်တွေအပါအဝင်ပါဆိုပြီး သတင်းစာမှာကြေညာသင့်ပါတယ်" ဟုပြောကြားသည်။ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က "ဝန်ကြီးဌာနပေါင်းစုံကဆောင်ရွက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ စံချိန်စံညွှန်းမမီဘဲနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး အမိန့်ရှိသလို ဆီးသီးဗန်းမှောက်သလိုဖြစ်နေတာကို တစ်ပြည်လုံးကို လိုက်စစ်ရသလိုဖြစ်နေတယ်။ တွေ့ရှိချက်တွေရှိပါတယ်။ ဒီတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံတင်ပြပြီးဖြစ်ပါတယ်။တင်ထားပြီးတဲ့အခါမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။ရန်ပုံငွေများကိုသုံးစွဲသည့်အခါတွင် သတ်မှတ်ထားသည့်မူခုနစ်ချက်ကိုအခြေခံပြီး သတ်မှတ်ထားသည့်ကာလတွင် မပြီးသေးပါက သတ်မှတ်ထားသည့်စံချိန်စံညွှန်းများအတိုင်းပဲသတ်မှတ်ပေးရန်၊ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများအတိုင်းသာ စာရင်းစစ်က စစ်ပါလိမ့်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြထားကြောင်း ဒုတိယဝန်ကြီးကပြောကြားသည်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျပ်သန်း ၅၀ အထက်လုပ်ငန်းများအား တစ်လကြိုတင်ကာ တင်ဒါခေါ်ယူလေ့ရှိကြောင်း၊ သဘာဝဘေးဒဏ်မဟုတ်ဘဲ တစ်နှစ်အတွင်း ပျက်စီးသည့်လုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီမှ ပြန်လည်ပြုပြင်စေခြင်း၊ စာချုပ်စည်းကမ်းဖောက်ဖျက်ပါက ပြစ်ဒဏ်အဖြစ် အာမခံငွေသိမ်းယူကာ ကုမ္ပဏီကို Black List သတ်မှတ်ခြင်း ဆောင်ရွက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောကြားသည်။            

Most Read

Most Recent