နိုင်ငံတစ်ဝန်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား ပုဒ်မ ၁၈ ဖြင့် အမြင့်ဆုံးပြစ်ဒဏ်များချမှတ်နေမှုအပေါ် ဝေဖန်မှုများရှိနေ

နိုင်ငံတစ်ဝန်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား ပုဒ်မ ၁၈ ဖြင့် အမြင့်ဆုံးပြစ်ဒဏ်များချမှတ်နေမှုအပေါ် ဝေဖန်မှုများရှိနေ
Published 3 April 2015
ဉာဏ်ဝင်းရှိန်

၂၀၁၅ နှစ်စပိုင်းမှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလမှ ခြောက်လအထိချမှတ်နေမှုအပေါ် ဥပဒေကျွမ်းကျင်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။၂၀၁၅ ခုနှစ်မတိုင်မီကာလများက ပုဒ်မ ၁၈ ဖြင့်တရားစွဲခံထားရသည့် တက်ကြွလှုပ်ရှားသူများကို အများအားဖြင့် ထောင်ဒဏ်တစ်လ (သို့မဟုတ် ) ငွေဒဏ်သာအများအားဖြင့် ချမှတ်လေ့ရှိသော်လည်း ၂၀၁၅ ခုနှစ် နှစ်စပိုင်းမှစ၍ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူအများစုကို ထောင်ဒဏ်သုံးလမှ ခြောက်လအထိချမှတ်နေခြင်းဖြစ်သည်။ထိုသို့တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်လများစွာချမှတ်နေမှုမှာ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တက်ကြွလှုပ်ရှားသူများကို အစိုးရက ရည်ရွယ်ချက်ရှိရှိဖိနှိပ်သကဲ့သို့ဖြစ်နေပြီး အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးနယ်ပယ်ကို လွှမ်းမိုးမှုရှိနေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဥပဒေကျွမ်းကျင်သူများက ဝေဖန်ပြောကြားလိုက်သည်။

ဧပြီ ၂ ရက်က ထောင်ဒဏ်လေးလချမှတ်ခံရသည့် ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်တို့အားတွေ့ရစဉ်တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "အကြမ်းဖက်မှုမပါဘဲ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့သူတွေကို ဒီလိုမျိုး ထောင်ဒဏ်တွေ သုံးလကနေ လေးလအထိချမှတ်နေတာက မကောင်းဘူးလို့ပဲပြောချင်တယ်။ ဒါဟာ လူ့အခွင့်အရေးအရလည်း နစ်နာဆုံးရှုံးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တက်ကြွလှုပ်ရှားသူတွေအပေါ်မှာ အစိုးရကနေပြီးတော့ ခြေချုပ်လုပ်တဲ့ပုံစံမျိုးပေါ့ဗျာ။ ဒါဟာ မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ" ဟု ဧပြီ ၃ ရက်ကပြောကြားသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများနှင့် မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင် "နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် (က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်..." စသည်ဖြင့် ပြဋ္ဌာန်းပါရှိသည်။မြန်မာနိုင်ငံ၏တရားစီရင်ရေးအား အုပ်ချုပ်ရေးအာဏာပိုင်များက ဝင်ရောက်လွှမ်းမိုးစွက်ဖက်မှုများရှိနေပြီး တရားသူကြီးများအနေဖြင့် တရားရေးဆိုင်ရာ လွတ်လပ်စွာဆုံးဖြတ်ခွင့်မရှိဖြစ်နေကြောင်းနှင့် အုပ်ချုပ်ရေးနှင့် လွတ်ကင်းသည့် တရားစီရင်ရေးစနစ်တစ်ခု အမြန်ပေါ်ပေါက်လာနိုင်ရန် မြန်မာနိုင်ငံအတွက်အရေးကြီးကြောင်း ဦးရောဘတ်စန်းအောင်ကသုံးသပ်သည်။၎င်းကပင် "တရားသူကြီးတွေအနေနဲ့က လွတ်လွတ်လပ်လပ်ဆုံးဖြတ်လို့မရဘူး။ ဒါက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့အပိုင်းက ပါနေတာပါ။ ဒါကြောင့် အုပ်ချုပ်ရေးနဲ့လွတ်ကင်းတဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်လာဖို့က အရေးကြီးပါတယ်" ဟုဆိုသည်။၂၀၁၅ ခုနှစ်အတွင်း ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလမှ လေးလအထိ ချမှတ်ခံခဲ့ရသည့် အမှုများအနက် အချို့အမှုများမှာ မန္တလေးမြို့တွင် လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကို ဆန္ဒပြခဲ့ကြသည့် ကိုသိန်းအောင်မြင့်အပါအဝင် တက်ကြွလှုပ်ရှားသူလေးဦးကို ပုဒ်မ ၁၈ ၏ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ခြောက်လကို မတ် ၂၃ ရက်ကချမှတ်ခဲ့သည်။အဆိုပါအမှုအပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတစ်လျှောက်ရှိ တပ်မတော်ကသိမ်းဆည်းထားသည့် လယ်မြေများပြန်လည်ရရှိရေး တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးစိုးဝေကို သံတွဲမြို့နယ်တရားရုံးက မတ် ၂၆ ရက်တွင် ထောင်ဒဏ်သုံးလချမှတ်ခဲ့သည်။ထို့ပြင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေးဆန္ဒပြခဲ့ကြသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်ကို ပုဒ်မ ၁၈ ဖြင့်ပင် စတင်ရုံးထုတ်သည့်နေ့ဖြစ်သည့် ဧပြီ ၂ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလချမှတ်ခဲ့သည်။ထို့ပြင် လက်ပံတောင်းတောင်အကြမ်းဖက်မှု နှစ်နှစ်ပြည့်ဆန္ဒပြပွဲမှ ဦးဆောင်သူနှစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ဦးသန်းဆွေတို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တရားရုံးက ဧပြီ ၂ ရက်မှာပင် ထောင်ဒဏ်လေးလစီချမှတ်ခဲ့သည်။အဆိုပါအခြေအနေများအပေါ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "ဒါကသဘာဝပါပဲ။ နိုင်ငံတကာမှာလည်းလုပ်ကြတာရှိတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အာဏာရပါတီက အတိုက်အခံတွေကို အကုန်ဖမ်းပြီး ထောင်ထဲထည့်ထားတာပါ။ အခုမြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ ဆန္ဒပြဖို့ ခွင့်ပြုချက်သွားတင်ရင်တောင် အကြောင်းပြပြီး ဖမ်းချင်ဖမ်းနိုင်သေးတယ်" ဟုပြောကြားသည်။ထိုသို့ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်သုံးလမှ လေးလအထိချမှတ်နေမှုကို ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမိုဃ်းသွေးက "ပုဒ်မ ၁၈ ကိုပြင်ဆင်ဖို့၊ ဖြစ်နိုင်ရင်ပယ်ဖျက်ဖို့အတွက် ကျွန်တော်တို့ကြိုးစားခဲ့တယ်။ ပြင်တဲ့အခါမှာလည်း ထောင်ဒဏ်ခြောက်လအထိပဲ လျှော့ပေးခဲ့တယ်။ အဲဒီတော့ ဘာမှမထူးဘူး။ ခုရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲတရားမျှတမှုမှာ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားပိုင်ခွင့်လည်းပါတယ်။ ဒါလိုမှမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူတွေကို ကန့်သတ်မယ်ဆိုရင် ရွေးကောက်ပွဲက တရားမမျှတဘူးလို့ ပြောနိုင်တယ်။ ရွေးကောက်ပွဲမှာမပါမဖြစ် ပါဝင်သင့်တဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာက အတော်လေးသံသယဝင်စရာကောင်းတဲ့အချက်လို့၊ မကောင်းတဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်" ဟုပြောကြားသည်။လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ (ခ)၊ ၁၄၇၊ ၁၄၃ စသည်တို့ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအရေအတွက်မှာ မတ်လကုန်ပိုင်းအထိ စုစုပေါင်း ၃၀၀ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသက်ဦးက "၂၉၆ ယောက်ရှိပါတယ်။ ပုဒ်မ ၁၈ ကော၊ ၅၀၅(ခ)ရော၊ ပုဒ်မ ၁၄၇၊ ၁၄၃အများကြီးပေါ့။ နိုင်ငံရေးကိစ္စတွေကြောင့် တရားစွဲဆိုခံထားရသူအားလုံးပေါင်း ၂၉၆ ယောက်ရှိပါတယ်" ဟုပြောကြားသည်။

Most Read

Most Recent