သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရားတို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေး

သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရားတို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေး
Published 2 April 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဧပြီ ၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ထိုသို့တွေ့ဆုံစဉ် သန့်ရှင်းသောသောက်သုံးရေ ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးဆုံးဖြစ်သော ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။အလားတူ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဧပြီ ၁ ရက် ညနေပိုင်းတွင် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် I-12 တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။၎င်းဆွေးနွေးပွဲသို့ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်တို့လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးမှု အကြောင်းအရာများကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်လည်းဖြစ်သူ နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် ဧပြီ ၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံစတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent