လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ ကျပ် ၃၆၆ ဘီလျံကျော် ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ရရှိသည့် ပမာဏထက် ကျော်လွန်ရရှိ

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ ကျပ် ၃၆၆ ဘီလျံကျော် ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ရရှိသည့် ပမာဏထက် ကျော်လွန်ရရှိ
Published 30 March 2015
ချမ်းမြေ့သူ

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ စုစုပေါင်း ကျပ် ၃၆၆ ဘီလျံကျော် ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ရရှိသည့် အကောက်ခွန်ပမာဏထက်ပင် ကျော်လွန်ရရှိထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ စာရင်းများအရ ပုံမှန်ကုန်သွယ်မှုမှ အကောက်ခွန်ပမာဏ ကျပ် ၃၀၆၉၉၀ သန်းကျော် (ကျပ် ၃၀၆ ဘီလျံကျော်) ရရှိထားပြီး နယ်စပ်ကုန်သွယ်မှုမှ ကျပ် ၅၉၃၁၇ သန်းကျော် (ကျပ် ၅၉ ဘီလျံကျော်) ရရှိထားကာ ကုန်သွယ်မှုလမ်းကြောင်း နှစ်ခုပေါင်းမှ ကောက်ခံရရှိသည့် အကောက်ခွန်စုစုပေါင်းမှာ ကျပ် ၃၆၆၃၀၈ သန်းကျော် (ကျပ် ၃၆၆ ဘီလျံကျော်) ရရှိထားကြောင်း သိရသည်။ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ဘဏ္ဍာနှစ်တစ်နှစ်လုံး ကောက်ခံရရှိသည့် ပမာဏမှာ ပုံမှန်ကုန်သွယ်မှုမှ အကောက်ခွန် ကျပ် ၂၉၇၈၆၈ သန်းကျော် (ကျပ် ၂၉၇ ဘီလျံကျော်) ကောက်ခံရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန် ကျပ် ၆၅၃၆၃ သန်းကျော် (ကျပ် ၆၅ ဘီလျံကျော်) အသီးသီး ကောက်ခံရရှိခဲ့ရာ စုစုပေါင်း ရရှိခဲ့သည့် အကောက်ခွန်ပမာဏမှာ ကျပ် ၃၆၃ ဘီလျံကျော် ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် မကုန်မှာပင် ကောက်ခံရရှိထားသည့် ပမာဏမှာ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ကောက်ခံရရှိသည့် ပမာဏထက် ပိုများနေခြင်းဖြစ်ကြောင်း သိရသည်။ပမာဏအတိအကျအားဖြင့် ဆိုပါက လက်ရှိဘဏ္ဍာနှစ် မကုန်မီ အချိန်အထိ ကောက်ခံရရှိထားသည့် ပမာဏမှာ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ကောက်ခံရရှိမှု ပမာဏထက် ကျပ်သုံးဘီလျံကျော် ပိုမိုနေခြင်းဖြစ်သည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပုံမှန် (ပင်လယ်ရေကြောင်း) ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ နီးပါးအထိ ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများမှ ရာခိုင်နှုန်း ၂၀ နီးပါး ကုန်သွယ်မှုပြုလုပ်လျက် ရှိနေကြောင်း သိရသည်။ပြည်ပကုန်သွယ်မှု ပြုရာတွင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့နှင့် အဓိကကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ကုန်သွယ်မှုပြုလုပ်ရာတွင် တရားဝင် ကုန်သွယ်မှုအပြင် တရားမဝင် ကုန်သွယ်မှုများလည်း ရှိနေဆဲဖြစ်သည့်အတွက် စစ်ဆေးဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။         

Most Read

Most Recent