အထည်ချုပ်လုပ်ငန်း အများစု အော်ဒါမှာယူမှု ကျဆင်း

အထည်ချုပ်လုပ်ငန်း အများစု အော်ဒါမှာယူမှု ကျဆင်း
Published 29 March 2015
နီလာ

၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်၊ လက်ရှိအချိန်အထိ ပြည်ပသို့ CMP လက်ခစားစနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉၆ သန်း ရရှိထားကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ချုပ်ပြီးအထည် (CMP) တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉၆ သန်းသာ ရရှိထားသော်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉၃ဒ သမ ၆၃၈ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှရရှိသော သတင်းများအရ သိရသည်။
အလားတူ လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများသို့ ပြည်ပမှ အော်ဒါမှာယူမှုလည်း ကျဆင်းနေကြောင်း သိရသည်။
ထို့ပြင် ယခင်မှာယူထားသည့် အော်ဒါများကိုပင် ပြန်လည်ရုပ်သိမ်းသွားသည့် အခြေအနေများနှင့်လည်း ရင်ဆိုင်နေရကြောင်း အထည်ချုပ်လုပ်ငန်း ရှင်များထံမှ သိရသည်။
လက်ရှိအထည်ချုပ် လုပ်ငန်းများ၏ အခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “အထည်ချုပ်လုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေက စိတ်ပျက်ဖို့ကောင်းတယ်။ စက်ရုံတွေမှာ ကလေးတွေအကုန်လုံးကို ထိုင်ခိုင်းထားတာ။ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိပဲ။ ကလေးတွေက သန့်ရှင်းရေးလေး ဘာလေးလုပ်၊ ၄ နာရီခွဲရင်ပြန်။ ချုပ်စရာအော်ဒါမရှိဘူး” ဟု ပြောကြားသည်။
ယင်းသို့သော အခြေအနေတွင် ပြည်တွင်းဈေးကွက်အတွင်း၌ အလုပ်သမားများ၏ လုပ်ခလစာနှင့်ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုများကြောင့်လည်း အထည်ချုပ်လုပ်ငန်းများအပေါ် သက်ရောက်လျက် ရှိနေသည်ဟု သိရသည်။
“အထည်ချုပ်ရဲ့သဘောက ဈေးကွက်ကရှေ့ဆောင်တာလေ။ ဈေးကွက်မရှိပဲနဲ့လည်း အထည်ချုပ်လုပ်ငန်းက မရှိဘူး။ အထည်ချုပ် လုပ်သားကလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူး။ ထိုက်တန်တဲ့ လုပ်ခလစာဆိုတာလည်း အဲနောက်ပိုင်း ဈေးကွက်မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ဈေးကွက်ကအဓိကပဲ။ ဈေးကွက်က အဓိက ဖြစ်တဲ့နောက်မှာ ကိုယ့်ရဲ့အရည်အသွေးနဲ့ ဈေးကွက်ကို မီအောင်လုပ်နိုင်ရင် ကိုယ့်ရဲ့လုပ်ခလစာက ဘယ်သူမှ နောက်ပြန်ဆွဲထားလို့ မရဘူး” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံအတွက် အဓိကအားထားနေရသော ဈေးကွက်တစ်ခုဖြစ်သည့် ဂျပန်ဈေးကွက်သည် ယခင်အနောက်နိုင်ငံများနှင့် အီးယူနိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ လုပ်ခဲ့စဉ်ကပင် ဂျပန်ဈေးကွက်သို့သာ အဓိကအားထားနေရသော ဈေးကွက်ဖြစ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်ဆန်းပိုင်းအတွက် အော်ဒါများ မရှိသလောက် နည်းပါးနေကြောင်း သိရသည်။ 
၂၀၁၃ ဇူလိုင်တွင် အီးယူနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားသော စီးပွားရေးပိတ်ဆို့မှုအား ရုပ်သိမ်းပြီးနောက် မြန်မာအထည်ချုပ် လုပ်ငန်းများ အီးယူနိုင်ငံများသို့ ပြန်လည်တင်ပို့ခွင့်ရလာကြောင်း၊ လက်ရှိအချိန်တွင် ဂျပန်ဈေးကွက် ပျက်သွားသည့်အတွက် အဓိကအားဖြင့် အီးယူဈေးကွက်ကိုသာ အားထားရတော့မည်ဖြစ်ကြောင်း၊ အီးယူနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအား GSP (Everything But Arm) ကို ပေးထားခဲ့ပြီး အမေရိကန်နိုင်ငံ အနေဖြင့်မူ စိစစ်သုံးသပ်နေဆဲ ဖြစ်ကြောင်း၊ ထို့အတွက် မြန်မာ့အထည်ချုပ် ထုတ်ကုန်များ အမေရိကန်ဈေးကွက်သို့ တင်ပို့နိုင်ရန် အခွင့်အရေး နည်းနေသေးကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အထိ ရရှိထားသည့် ကိန်းဂဏန်းများအရ မြန်မာ့အထည်ချုပ် လုပ်ငန်းများ၏ နံပါတ်တစ်ဈေးကွက်မှာ ဂျပန်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအနေဖြင့်မူ ကိုရီးယားနိုင်ငံက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ထို့ပြင် ဂျပန် ၊ ထိုင်ဝမ်၊ တရုတ်နှင့် မလေးရှားနိုင်ငံများနည်းတူ တူရကီ၊ ဂျာမနီ စသည့်အနောက်နိုင်ငံများမှပင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ နိုင်ငံပေါင်း ၂၀ ကျော် ၃၀ နီးပါးမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။                        
 

Most Read

Most Recent