မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ငါးနှစ်စီမံကိန်းကို ADB ရေးဆွဲနေပြီး နှစ်နှစ်အတွင်း စုစုပေါင်းဒေါ်လာ သန်း ၉၀၀ ကျော် ထုတ်ချေးရန်ရှိ

မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ငါးနှစ်စီမံကိန်းကို ADB ရေးဆွဲနေပြီး နှစ်နှစ်အတွင်း စုစုပေါင်းဒေါ်လာ သန်း ၉၀၀ ကျော် ထုတ်ချေးရန်ရှိ
Published 29 March 2015

မြန်မာနိုင်ငံနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ငါးနှစ်စီမံကိန်းကို ADB က ရေးဆွဲနေပြီး ၂ဝ၁၅-၂ဝ၁၇ ခုနှစ် အကြားတွင် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေအခြေအနေနှင့် ပူးပေါင်းထုတ်ချေးမည့် အဖွဲ့အစည်းများအပေါ်မူတည်ကာ စုစုပေါင်း ဒေါ်လာသန်း ၉ဝဝ ကျော် ထုတ်ချေးရန်ရှိကြောင်း ADB ၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ADB အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် လုပ်ဆောင်ချက်များကို နှစ်နှစ်စာ ရေးဆွဲခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မူဝါဒပိုင်းဆိုင်ရာ ထောက်ပံ့မှုချေးငွေများ အဓိကပေးအပ်ခဲ့ကြောင်း သိရသည်။
 
 ထို့နောက် အစိုးရက တောင်းဆိုမှုဖြင့် ယင်းနှစ်နှစ်စာ ဆောင်ရွက်ချက်များကို ၂ဝ၁၆ ခုနှစ်အထိ တိုးမြှင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ငါးနှစ်စာရေးဆွဲခြင်းမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးရေးဆွဲခြင်းဖြစ်ကြောင်း  သိရသည်။
 
၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ADB ၏ ဆောင်ရွက်မည့်လုပ်ငန်းနှင့် လိုက်လျော့ညီထွေဖြစ်စေမည့် စီးပွားရေးဆိုင်ရာ အစီအစဉ်များ (COBP) ကိုလည်း ADB အနေဖြင့် ထည့်သွင်းရေးဆွဲထားကြောင်း၊ ယင်းအစီအစဉ်အရ ၂ဝ၁၅-၂ဝ၁၇ ခုနှစ်အကြားတွင် အာရှဖွံ့ဖြိုးရေးရန်ပုံငွေက ၄၆၃ သန်းမှ သန်း ၆၈ဝ အထိ ထုတ်ချေးရန်ရှိကြောင်းလည်း သိရသည်။ သို့သော်လည်း ADB  ၏ Consistency of Business Plan အရ ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အကြားတွင် သန်း ၉ဝဝ ကျော် လိုအပ်သည့်အတွက် လိုအပ်သည့်ငွေကို ဒေသဆိုင်ရာ ရန်ပုံငွေများနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများမှ ရှာဖွေသွားရန် အစိုးရနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အာရှဖွံ့ဖြိုးရေးရန်ပုံငွေမှ မြန်မာနိုင်ငံအတွက် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အကြားတွင် ဒေါ်လာ ၁ဝ၂၄ သန်း အကူအညီပေးသွားရန်ရှိကြောင်း၊ ယင်းအနက် ၅၁၂ သန်းကို မူဝါဒရေးရာချေးငွေအဖြစ် ပေးအပ်ရန် လျာထားကြောင်း သိရသည်။
 
“အများစုကတော့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုအပိုင်းမှာ ချေးငွေတွေကို အဓိက ပေးအပ်ထားတာ ဖြစ်ပါတယ်။ အခြားတစ်ခုကတော့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းပိုင်းပြုပြင်ရေးတွေအတွက် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံကို ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အတွက် လျာထားချက်တွေကို အသေးစိတ်ဖော်ပြထားပြီး ဖြစ်ပါတယ်။ ကျွန်တော် တို့ ADB အနေနဲ့ မြန်မာနိုင်ငံအတွက် ပေးမယ့် အထောက်အပံ့တွေကို ၂ဝ၁၇-၂ဝ၂၁ မဟာဗျူဟာရေးဆွဲဖို့လည်း ပြင်ဆင်နေပါတယ်။  ဒါက အခုပြင်ဆင်နေပါတယ်။ ဒါက ကျွန်တော်တို့ ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆက်လက်ထောက်ခံခြင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဗင်ဖရက်ဗင်ကလိုင်က ပြောကြားသည်။
 
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် GDP တိုးတက်နှုန်း ခုနစ်ရာခိုင်နှုန်းနှင့်အထက်ရရှိရန် ၁၅ နှစ်အတွင်း အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈ ဘီလျံအထိ လိုအပ်မည်ဟု ADB က ခန့်မှန်းထားကြောင်း ဗင်ဖရက်ဗင်ကလိုင်က ပြောကြားသည်။

Most Read

Most Recent