ဗကသကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်အပါအဝင် သုံးဦးဖမ်းမိကြောင်း ရဲတပ်ဖွဲ့ပြောကြား

ဗကသကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်အပါအဝင် သုံးဦးဖမ်းမိကြောင်း ရဲတပ်ဖွဲ့ပြောကြား
Published 27 March 2015
ကြည်နိုင်၊ သက်မင်း၊ အောင်ကျော်ထက်

လက်ပံတန်းမြို့၌ ပင်မကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှုအပေါ် မတ် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်း ကျောင်းသားများနှင့် ပြည်သူများဆန္ဒပြရာ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်အပါအဝင်သုံးဦးအား ဖမ်းဆီးထားကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကြည်က အတည်ပြုပြောကြားသည်။မတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်တို့ဦးဆောင်သည့် ဆန္ဒပြမှုအား မဟာဗန္ဓုလလမ်းပေါ်တွင်ပြုလုပ်ခဲ့ပြီး ကိုကျော်ကိုကိုနှင့် ကိုနန္ဒာစစ်အောင်တို့က သိမ်ကြီးဈေး(ဂ) ရုံရှေ့အရောက်တွင် ဟောပြောခဲ့ကြောင်း သိရသည်။"လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျောင်းသားတွေ၊ ပြည်သူတွေကို ဖမ်းဆီးခြင်းမပြုပါဘူးလို့ပြောခဲ့တယ်။ အခုကျတော့ ကျွန်တော်တို့ကျောင်းသားတွေ ထောင်ထဲမှာရောက်နေတယ်။ အကြမ်းဖက်နှိမ်နင်းဖြိုခွဲမှုဟာ ကောင်းမွန်တဲ့အဖြေရရှိမှာမဟုတ်ပါဘူး။ ဒီဟာကို ကျွန်တော်တို့သမိုင်းမှာ သက်သေပြပြီးဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က သမဂ္ဂအဆောက်အအုံကို အကြမ်းဖက်ဖြိုခွင်းခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ဟာ သမဂ္ဂအဆောက်အအုံတွေ ဖြစ်ကုန်ကြတယ်။ ငြိမ်းချမ်းစွာလာရောက်ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေ၊ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လေးပွင့်ဆိုင်ကတိကိုတည်ဖို့ တောင်းဆိုပါတယ်" ဟု ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုနန္ဒာစစ်အောင်ကဟောပြောသည်။ယင်းနောက် ကိုကျော်ကိုကိုက "ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီခရီးလမ်းဟာ မပြီးဆုံးသေးပါဘူး။ ပညာရေးလှုပ်ရှားမှုဟာ မပြီးဆုံးသေးပါဘူး။ အစစအရာရာမပြီးဆုံးသေးပါဘူး။ လမ်းခုလတ်မှာပဲရှိပါသေးတယ်။ ဒါကိုကျောင်းသားပြည်သူတွေသတိရကြဖို့ လက်ပံတန်းဖြစ်ရပ်က သက်သေပြနေပါတယ်။ ကျွန်တော်တို့ဆက်သွားရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေဝေနေရမှာမဟုတ်ပါဘူး။ အချိန်ကုန်နေရမှာမဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အေးအေးဆေးဆေးနေရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လမ်းပေါ်ထွက်ရပါလိမ့်မယ်။ ကျွန်တော်တို့အလံတွေကို ကြွားဝင့်၊ အသံတွေကိုနားစွင့်ထားရပါလိမ့်မယ်။ ကျွန်တော်တို့တော်လှန်ရေးမပြီးဆုံးသေးကြောင်းကို ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ သက်သေပြလိုက်ပါတယ်" ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဆက်လက်ဟောပြောသည်။လူစုခွဲခဲ့ကြသောကျောင်းသားများ၏နောက်သို့ အရပ်ဝတ်ရဲများက လိုက်လံဖမ်းဆီးမှုများရှိခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုနန္ဒာစစ်အောင်၊ ရှိန်းရာဇာထွန်းနှင့် အောင်ထက်အောင်(ခေါ်)အောင်အောင်တို့အား မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ ဆန္ဒမပြမီ နာရီဝက်ခန့်အလိုတွင် ရဲတပ်ဖွဲ့ဝင်များအပြည့်တင်ဆောင်ထားသော ရဲကားလေးစီးသည် မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင် လုံခြုံရေးရယူခဲ့သည်။"နန္ဒာစစ်အောင်အပါအဝင် သုံးဦးဖမ်းဆီးထားပါတယ်။ လောလောဆယ်တော့ သူတို့ကိုမေးမြန်းနေတယ်" ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကြည်က မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပြောကြားသည်။အဆိုပါဆန္ဒပြပွဲကို ရည်ရွယ်ချက်လေးချက်ဖြင့်ပြုလုပ်ခဲ့ရာ ကျောင်းသားပြည်သူကိုအခြေခံသည့် ပညာရေးဥပဒေ အမြန်ဆုံးပေါ်ပေါက်လာရေး၊ မတရားသဖြင့်ဖမ်းဆီးထားသော သပိတ်မှောက်ကျောင်းသားနှင့် ပြည်သူအားလုံး အမြန်ဆုံးလွတ်မြောက်ရေး၊ အစိုးရ၏အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းအပေါ် ဆန့်ကျင်ရှုတ်ချရေးနှင့် ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးမှုနှင့်ပက်သက်၍ တာဝန်ရှိသူများအား ဖော်ထုတ်အရေးယူရေးတို့ဖြစ်သည်။

Most Read

Most Recent