တပ်မတော်နေ့သတင်းအား ကျောင်းသားဆန္ဒပြပွဲများကလွှမ်းမိုးခဲ့၊ ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုနှင့်ပတ်သက်သော ဆန္ဒပြမှုများ ရန်ကုန်၊ မန္တလေး၊ မကွေးအပါအဝင် မြန်မာနိုင်ငံအနှံ့တွင်ပြုလုပ်

တပ်မတော်နေ့သတင်းအား ကျောင်းသားဆန္ဒပြပွဲများကလွှမ်းမိုးခဲ့၊ ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုနှင့်ပတ်သက်သော ဆန္ဒပြမှုများ ရန်ကုန်၊ မန္တလေး၊ မကွေးအပါအဝင် မြန်မာနိုင်ငံအနှံ့တွင်ပြုလုပ်
Published 27 March 2015

ပဲခူးတိုင်း လက်ပံတန်းမြို့တွင် မတ် ၁၀ ရက်က ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ကန့်ကွက်ဆန္ဒပြသည့်လှုပ်ရှားမှုများအား မတ်၂၇ ရက် (တပ်မတော်နေ့)၌ နံနက် ၁၀ နာရီ ၁၀ မိနစ်က ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံအနှံ့တွင်ပြုလုပ်ခဲ့ကြရာ တပ်မတော်နေ့သတင်းအား ကျောင်းသားဆန္ဒပြပွဲများက လွှမ်းမိုးခဲ့ကြောင်း သိရသည်။ထိုသို့ဒီမိုကရေစီပညာရေးပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြသည့်လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ တောင်ငူ၊ မြောင်းမြ၊ ထားဝယ်၊ ဟင်္သာတ၊ တောင်တွင်းကြီး အစရှိသည့်မြို့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။အဆိုပါမြန်မာနိုင်ငံအနှံ့ပြုလုပ်ခဲ့သည့် ကန့်ကွက်ဆန္ဒပြမှုများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားကျောင်းသူများနှင့် ပင်မကျောင်းသားသပိတ်မှ ကျောင်းသားကျောင်းသူများကို အကြမ်းဖက်ဖမ်းဆီးခဲ့မှုအားဆန့်ကျင်သည့် ဝန်းရံပြည်သူများကပါဝင်ဆန္ဒပြခဲ့ကြသည်။

ပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ်ကန့်ကွက်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် မတ် ၂၇ ရက်က ဆန္ဒထုတ်ဖော်နေကြစဉ်
ကျောင်းသားသပိတ်ကိုအကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု ရန်ကုန်၌ပြုလုပ်ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့်ဆန္ဒပြမှုကို အရပ်ဘက်အဖွဲ့စည်းအချို့မှ တက်ကြွလှုပ်ရှားသောပြည်သူများက သိမ်ကြီးဈေးရှေ့ အနော်ရထာလမ်းပေါ်တွင်လည်းကောင်း၊ ဗကသများအဖွဲ့ချုပ်မှဦးဆောင်သော ကျောင်းသားများက မဟာဗန္ဓုလလမ်း၊ သိမ်ကြီးဈေး (ဂ) ရုံရှေ့တွင် ၎င်းနှစ်ဖွဲ့ခွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ကျောင်းသားများအား အကြမ်းဖက်ဖြို ခွင်းမှုအား ရှုတ်ချသောအားဖြင့် ပြုလုပ်သောအဆိုပါဆန္ဒပြပွဲကို မတ် ၂၇ ရက်၊ တပ်မတော်နေ့ နံနက် ၁၀ နာရီ၊ ၁၀ မိနစ်တွင်ပြုလုပ်မည်ဟုကြေညာထားရာ နံနက် ၉ နာရီခန့်မှစတင်ကာ သိမ်ကြီးဈေး (ဂ)ရုံရှေ့တွင် ရဲများ၊ ပြည်သူများနှင့် သတင်းထောက်များစုရုံးရောက်ရှိလာခဲ့သည်။ယင်းနောက်သိမ်ကြီးဈေး(ဂ)ရုံအနီးရှိ ဈေးရောင်းချသူများကို သက်ဆိုင်ရာမှမရောင်းချရန်နှင့် ပိတ်သိမ်းပေးရန် လိုက်လံသတိပေးပြောကြားမှုရှိခဲ့ကြောင်း ဈေးသည်များကပြောကြားသည်။နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် အနော်ရထာလမ်းပေါ်တွင် ဆန္ဒပြပွဲပြုလုပ်တော့မည်ဟု ကြားသိရသည့်အတွက် သိမ်ကြီးဈေး(ဂ) ရုံအနီး စုရုံးနေသူများသည် အနော်ရထာရထာလမ်းပေါ်တွင်ပြုလုပ်သည့်  တက်ကြွလှုပ်ရှားသောပြည်သူများ၏ ဆန္ဒပြပွဲရှိရာသို့ရောက်ရှိသွားခဲ့သည်။

မြင်းခြံမြို့၌ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့ကဖမ်းဆီးနေစဉ်ထိုစဉ် မိနစ်အနည်းငယ်နောက်ကျ၍ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်တို့ဦးဆောင်သည့် ဆန္ဒပြမှုသည် မဟာဗန္ဓုလလမ်းပေါ်တွင်ပြုလုပ်ခဲ့သည်။ကျောင်းသားများ၏ဆန္ဒပြမှုသည် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်၊ သိမ်ကြီးဈေး(ဂ)ရုံ ရှေ့အရောက်တွင် ဟောပြောမှုအနည်းငယ်ပြုလုပ်ပြီး လူစုခွဲခဲ့ကြသည်။ကျောင်းသားသပိတ်ကိုအကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု မန္တလေး၌ပြုလုပ်ထို့အတူ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မန္တလေးမြို့ဈေးချိုတော်အနီး ၂၆ လမ်းမှစတင်ကာ ၂၆ လမ်း၊ ၇၈ လမ်း၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ၆၂ လမ်း စသည့်အဓိကလမ်းမကြီးများပေါ်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ထိုသို့ဆန္ဒပြရာတွင် "လူသတ်အစိုးရဖြုတ်ချ ဖြုတ်ချ"၊ "အကြမ်းဖက်သူများနုတ်ထွက်ရေး ဒို့အရေး" "သပိတ် သပိတ် မှောက် မှောက်" "ပြည်သူတွေအတွက်ရသင့်ပြီ ဒီမိုကရေစီ" စသည်တို့ကို ကြွေးကျော်လျက် ဆန္ဒပြခဲ့ကြသည်။

မန္တလေးမြို့တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့ကတားဆီးနေစဉ်စတင်ထွက်ခွာမည်ဟု မူလကြေညာထားသည့် မန္တလေးအိမ်တော်ရာဘုရားအနီးတွင်လည်း ရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ခဲ့ကြသည်။ ချီတက်လာသောကျောင်းသားများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ယူနီဖောင်းဖြင့်၊ အရပ်ဝတ်များဖြင့်တားဆီးခဲ့သော်လည်း ကျောင်းသားများက ဆက်လက်ချီတက်ခဲ့သည်။၆၂ လမ်းအနီး သိပ္ပံလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင်များကတားဆီးရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်အားဆွဲလိုက်ရာ ကျောင်းသားနှစ်ဦးလိုက်ပါလာသောဆိုင်ကယ်မှာ လဲကျသွားခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပြည်ကြီးတံခွန်ရဲစခန်းအနီးတွင် ရဲတပ်ဖွဲ့ဝင်များကတားဆီးခဲ့ကာ လူစုခွဲခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် စတစ်ကာကပ် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်နေစဉ်ကျောင်းသားသပိတ်ကိုအကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု မကွေး၌ပြုလုပ်ထို့ပြင် ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သော ကျောင်းသားကျောင်းသူများကို အကြမ်းဖက်နှိမ်နင်းခံရမှုကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ထိုလုပ်ရပ်ကိုကန့်ကွက်ကြောင်း သင်္ကေတနှင့်စာသားပါ တီရှပ်များဝတ်၍ စတစ်ကာများကပ်ခြင်းလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒသ)က မကွေးမြို့၌ မတ် ၂၇ ရက် (တပ်မတော်နေ့)တွင်ပြုလုပ်ခဲ့ကြသည်။ယင်းလှုပ်ရှားမှုကို မကွေးမြို့ ဆေး၊ နည်းပညာ၊ ကျန်းမာရေး၊ ဝိဇ္ဇာသိပ္ပံ၊ ကွန်ပျူ တာ စသည့်တက္ကသိုလ်ပေါင်းစုံမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ) အဖွဲ့ဝင်ကျောင်းသားကျောင်းသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က လက်သီးဆုပ်ထားသည့်ပုံနှင့် "ကမ္ဘာမကြေဘူး"၊ "WE ARE STUDENTS, RECEPECT OUR RIGHTS"စာတန်းပါ တီရှပ်အနက်များကိုဝတ်ဆင်၍ ကျောင်းသားတစ်ဦးကို ရဲများက ဝိုင်းဝန်းရိုက်နှက်နေပုံနှင့် "ကျောင်းသားထုအားအကြမ်းဖက်မှုကို ပြင်းထန်စွာရှုတ်ချသည်" စာသားပါ စတစ်ကာအဖြူရောင်များအား မကွေးမြို့ လူစည်ကားရာနေရာများနှင့် ဆိုင်ကယ်များ၊ ကားများ၊ ဈေးဆိုင်များတွင် လိုက်လံကပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင်ပြုလုပ်သည့်ဆန္ဒပြပွဲမှ ကိုနန္ဒာစစ်အောင်အားတွေ့ရစဉ်"ကျွန်တော်တို့ဒီလှုပ်ရှားမှုကို မကွေးမြို့ပေါ် သုံးနေရာနဲ့ မကွေးမြို့နယ် ကံပြားကျေးရွာမှာပြုလုပ်ခဲ့တာပါ။ ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းက ကျောင်းသားတွေကို အစိုးရကရိုက်ပြီးတော့၊ အကြမ်းဖက်ပြီးတော့ ဖြိုခွဲသွားတဲ့အနေအထားမှာ သူတို့ကဘာလုပ်ပေးပါမယ်လို့ တာဝန်ခံမှုစကားလုံးဝမပြောသေးဘူး။ ဆက်ပြီးတော့ သူတို့တင်းမာနေဆဲ။ အဲဒါကြောင့် ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ လှုပ်ရှားမှုတစ်ခုကိုလုပ်တယ်။ အခုက ပြည်သူတွေသိအောင်လုပ်တာဖြစ်ပြီး နောက်ထပ် ဒီထက်ပြင်းထန်တဲ့ပွဲတွေလည်း လုပ်ဖို့ရှိပါတယ်" ဟု ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ ကိုဇေယျာကဆိုသည်။မကွေးမြို့ အ.ထ.က ၁ လမ်းမှ ပြည်သူတစ်ဦးက "ကျွန်မတို့နားမှာ ကျောင်းသားတွေက စတစ်ကာတွေကပ်ပြီးသွားတော့ တစ်နာရီလောက်အကြာမှာ ရဲတွေကအဲဒီစတစ်ကာတွေကို လိုက်ခွာကြတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကလူတွေကို ဘာတွေပြောသွားလဲလို့ လိုက်မေးကြတယ်" ဟုဆိုသည်။ယင်းလှုပ်ရှားမှုကို မကွေးမြို့ နည်းပညာတက္ကသိုလ်တည်ရှိရာ ကံပြားကျေးရွာ၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ လမ်းငါးသွယ်အဝိုင်းအနီး၊ အ.ထ.က(၁)လမ်းနှင့် ရန်ပယ်ဈေးတို့၌ပြုလုပ်ခဲ့ကြကာ ဒေသခံများက စိတ်ဝင်စားစောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု တောင်ငူ၌ပြုလုပ်အလားတူ ဖမ်းဆီးခံကျောင်းသားပြည်သူအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ကျောင်းသားများအားအကြမ်းဖက်နှိမ်နင်းခြင်းကို ကန့်ကွက်ကြောင်းဆန္ဒပြမှုကို တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်ဘုရားအရှေ့ဘက်မုခ်တွင် တောင်ငူတက္ကသိုလ်များမှ ကျောင်းသား ၁၅ ဦးခန့်နှင့် ဝန်းရံပြည်သူ ၂၀ ဦးခန့် မတ် ၂၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကပြုလုပ်ခဲ့ကြောင်း သိရသည်။ဆန္ဒပြပွဲမစတင်မီ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က ဆန္ဒပြပွဲဦးဆောင်ကျောင်းသားများဖြစ်သည့် မောင်သန့်လွမ်းဝေချစ် (တောင်ငူတက္ကသိုလ်)၊ မောင်သန်းဓန တောင်ငူတက္ကသိုလ်နှင့် မောင်ဗစ်တာ (တောင်ငူအဝေးသင်တက္ကသိုလ်) ကျောင်းသားတို့အား ပထမဦးဆုံး ခေါ်ယူတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး၊ ဆန္ဒပြပွဲမတိုင်မီ မတ် ၂၆ ရက် ညနေပိုင်းက၊ မြို့နယ်ထွေအုပ်ရုံးတွင် ပြောဆိုဆွေးနွေးမှုများ မှတ်မိသလားဟုမေးမြန်းပြီး၊ ဆန္ဒပြမည့် လမ်းကြောင်း၊ ဆန္ဒပြမည့်အင်အားတို့ကို မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ထို့နောက်ကျောင်းသားများက လမ်းလျှောက်ကန့်ကွက်ဆန္ဒပြပွဲအား ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။အဆိုပါဆန္ဒပြပွဲဦးဆောင်ကျောင်းသားများအား မတ် ၂၆ ရက် ညနေ ၆ နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံခဲ့ပြီး ပုဒ်မ ၁၈ အကြောင်းကိုပြောပြခဲ့ကြောင်း တောင်ငူတက္ကသိုလ်ကျောင်းသား မောင်သန့်လွမ်းဝေချစ်က ပြောကြားသည်။ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု ဟင်္သာတ၌ပြုလုပ်ဟင်္သာတခရိုင်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများကလည်း လက်ရှိအစိုးရ၏ ဖက်ဆစ်ဆန်သော အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချသည့် လူထုလှုပ်ရှားမှုတစ်ရပ်ကို ဟင်္သာတမြို့တွင် မတ် ၂၇ ရက် တပ်မတော်နေ့၌ပြုလုပ်ခဲ့သည်။အဆိုပါလမ်းလျှောက်ဆန္ဒပြမှုကို နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်အချိန်တွင် ဦးအောင်မြတ်ကျော် စေတီတော်၊ ပြည်လုံးချမ်းသာခန်းမအနီးမှ အောက်လင်းဓာတ်မီးပုံ အာဇာနည်ဗိမာန်ဝင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုရှေ့သို့ ချီတက်အလေးပြုခဲ့ကြကာ အာဇာနည်ဗိမာန်ဝန်းအနီး၊ ဈေးကြီးလမ်းဆုံမီးပွိုင့်အနီး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝင်းအနီး၊ ဟင်္သာတအကျဉ်းထောင်အနီး မြို့မရဲစခန်းရှေ့နှင့် ဘူတာအနီးတို့တွင် ရပ်တန့်ဟောပြောကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းကဲ့သို့ဆန္ဒထုတ်ဖော်မှုတွင် ကဗျာဆရာအချို့ကလည်း ကဗျာရွတ်ဆိုအားဖြည့်ပေးခဲ့ကြသည်။ ဟင်္သာတဘူတာအနီး ဟောပြောမှုအပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျောင်းသားများက ကမ္ဘာမကြေဘူးသီချင်းကိုရွတ်ဆိုတာ ဆန္ဒပြမှုကိုအဆုံးသတ်ခဲ့သည်။ကျောင်းသားများက ဆန္ဒထုတ်ဖော်ရာတွင် "Fight For Democratic Education"၊ "Free Our Students၊ "We are Students Respect Our Right"၊ "Stop Violence"၊ "မတရားဖမ်းဆီးခံရသူများချက်ချင်းလွှတ်"၊ "ကျောင်းသားနှင့်ပြည်သူ အခြေမခံတဲ့ အမျိုးသားပညာရေးဥပဒေအလိုမရှိ"၊ "ဖက်ဆစ်အစိုးရအလိုမရှိ"၊ "အကြမ်းဖက်မှုအလိုမရှိ" စာသားပါ လက်ကိုင်ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ မတ် ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှု ဖြစ်စဉ်အပါအဝင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူပြည်သူများ (အလုပ်သမား၊ လယ်သမား၊ ကျောင်းသားထု)အပေါ် ကျူးလွန်သောလက်ရှိအစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း၊ ဖက်ဆစ်လုပ်ရပ်များအလိုမရှိကြောင်းနှင့် အကြမ်းဖက်မှုလုပ်ရပ် တာဝန်ရှိသူများ အမြန်ဆုံးဖော်ထုတ်ပေးရေး၊ ကျောင်းသားပြည်သူအခြေခံသည့် ပညာရေးဥပဒေသစ် အမြန်ဆုံးပေါ်ပေါက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု မြောင်းမြ၌ပြုလုပ်အလားတူ မြောင်းမြမြို့၌လည်း ဒီမိုကရေစီပညာရေးတောင်းဆိုနေသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့သည်ကို ရှုတ်ချသောအားဖြင့် ဧရာဝတီသပိတ်စစ်ကြောင်းမှ ကျောင်းသားများ၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်များမှ ဗကသကျောင်းသားများ မြောင်းမြလူငယ်ကွန်ရက်မှ လူငယ်များစုပေါင်း၍ ထိန်းသိမ်းခံထားရသောကျောင်းသားများ အမြန်လွတ်မြောက်ရေးဆုတောင်းပွဲနှင့် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်လုပ်ရပ်အား ရှုတ်ချကြောင်း သရုပ်ပြပွဲများကို မတ် ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မီနစ်မှစတင်ကာ တစ်မြို့လုံး လှည့်လည်ပြုလုပ်ခဲ့သည်။မြောင်းမြလူငယ်ကွန်ရက်၊ ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်များမှ ဗကသကျောင်းသားများ ကျောင်းသားမိဘများစုပေါင်း၍ နံနက်ပိုင်းတွင် မြောင်းမြမြို့ စင်္ကြာသီဟ၊ စင်္ကြာနန္ဒစေတီတော်၌ ကျောင်းသားများ အမြန်ပြန်လည်လွှတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး၊ ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများနှင့်ပူးပေါင်းကာ မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ကျောင်းသားသီချင်များကိုသီဆို၍ ငြိမ်းချမ်းစွာသပိတ်မှောက်နေကြသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့မှ ဝင်ရောက်အကြမ်းဖက်ရိုက်နှက်ခဲ့သည့် သရုပ်ဖော်ပြကွက်များကို သရုပ်ဖော်ပြသခဲ့ကြောင်း သိရသည်။"အဖမ်းဆီးထားခံရတဲ့ကျောင်းသားတွေ အမြန်ပြန်လည်လွတ်မြောက်ရေးနဲ့ ကျောင်းသားတွေကို အစိုးရကနေ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကို ပြည်သူတွေအားလုံးသိအောင် ပြသတဲ့အနေနဲ့ လုပ်ဆောင်တာပါ၊ ဘုရားမှာဆုတောင်းပွဲလုပ်တယ်၊ မြို့အတွင်းကိုလှည့်လည်ပြီးတော့ ကျောင်းသားထုကို အစိုးရကအကြမ်းဖက်ခဲ့တဲ့ သရုပ်ဖော်ပြကွက်လေးတွေ လုပ်ဆောင်ပါတယ်၊ အဓိကတော့ ကျောင်းသားတွေတောင်းဆိုတဲ့ ဒီမိုကရေစီပညာရေး အမြန်ဖော်ဆောင်ရေးနဲ့ အထိန်းသိမ်းခံကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုတာပါ" ဟု မြောင်းမြလူငယ်ကွန်ရက်မှ ဆရာကိုထွန်းလင်းကဆိုသည်။အထိန်းသိမ်းခံကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုသည့် လှုပ်ရှားမှုအပေါ် မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးလာရောက်တားမြစ်ခဲ့ကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားရန် လာရောက်ပြောကြားခဲ့ပြီး၊ အဆိုပါပွဲဦးဆောင်သူများမှ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို လျှောက်ထားခဲ့ရာတွင် နာရီပိုင်းအတွင်း တရားဝင်ခွင့်ပြုချက် ပြန်လည်ချထားပေးခဲ့ကြောင်း သိရသည်။ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု မုံရွာ၌ပြုလုပ်ထို့အတူ မုံရွာခရိုင်ဗကသများအဖွဲ့မှ လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ သပိတ်စခန်းများအား သက်ဆိုင်ရာအာဏာပိုင်များနှင့် လက်ပတ်နီဝတ်ဆင်ထားသူများမှ အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ မုံရွာမြို့ ရွှေစည်းခုံမြတ်စွာဘုရားတွင် ဖမ်းဆီးခံကျောင်းသားကျောင်းသူများနှင့် ကျောင်းသားကျောင်းသူများအားဝန်းရံပေးခဲ့သည့် ပြည်သူများ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းကြပြီး အကြမ်းဖက်မှုအား ကန့်ကွက်ရှုတ်ချပွဲကို ကျောင်းသားကျောင်းသူ အင်အား (၅၀) ခန့် မုံရွာမြို့တွင်းရှိ အထင်ကရနေရာများတွင်ပြုလုပ်ခဲ့ကြသည်။အဆိုပါအကြမ်းဖက်မှု ရှုတ်ချပွဲနှင့် ဆုတောင်းပွဲတွင်လိုက်ပါသည့် မုံရွာခရိုင် ဗကသအဖွဲ့မှ ကိုစည်သူထွန်းက "ဒီနေ့ပြုလုပ်ရတဲ့ဆုတောင်းပွဲနှင့် အကြမ်းဖက်ရှုတ်ချပွဲဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နဲ့ မတ် ၁၀ ရက်တွေမှာ အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို သက်ဆိုင်ရာအာဏာပိုင်များနှင့် လက်ပတ်နီဝတ်ဆင်ပြီး အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းသားကျောင်းသူတွေကိုဝန်းရံကြတဲ့ ပြည်သူတွေကို အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်တယ်။အကြမ်းဖက်မှုတွေပြုလုပ်ခဲ့တဲ့ တာဝန်ရှိသူတွေကို ရှုတ်ချတယ်ဆိုတာကို ပြသချင်တဲ့သဘောပါပဲ" ဟုပြောကြားသည်။ ရွှေစည်းခုံဘုရားရင်ပြင်တွင် ဖမ်းဆီးခံကျောင်းသားကျောင်းသူများနှင့် ကျောင်းသားကျောင်းသူများအားဝန်းရံခဲ့သည့် ပြည်သူများ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြပြီး မုံရွာမြို့တွင်းသို့လှည့်လည်ပြီး အကြမ်းဖက်မှုရှုတ်ချပွဲပြုလုပ်ရာတွင် "ဖမ်းဆီးကျောင်းသား ဝန်းရံပြည်သူချက်ချင်းလွတ်"၊ "ကျောင်းသားကျောင်းသူများအပေါ် အကြမ်းဖက်ဖြေရှင်းမှုအလိုမရှိ" စသည့်ကြွေးကြော်သံများဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှု မြင်းခြံ၌ပြုလုပ်မြင်းခြံမြို့၌လည်း အကြမ်းဖက်မှုကိုကန့်ကွက်ရှုတ်ချကြောင်း မတ် ၂၇ ရက်က ကျောင်းသားနှင့် ပြည်သူအချို့မှဆန္ဒပြခဲ့ကြပြီး ဆန္ဒပြရာတွင် ပါဝင်သူအချို့အား ရဲတပ်ဖွဲ့မှ လူစုခွဲကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ယင်းနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ကျောင်းသားနှင့်ပြည်သူအချို့က ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်ရန်စုဝေးထွက်ခွာစဉ် အာဏာပိုင်များမှ ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခြင်းမဟုတ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးခဲ့ပြီး ဆန္ဒပြသူများအား လူစုခွဲဖမ်းဆီးခဲ့ကြောင်း ဆန္ဒပြရာတွင်ပါဝင်သူတစ်ဦးကဆိုသည်။အကြမ်းဖက်မှုကိုကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြရန်စုဝေးနေသည့် ကျောင်းသားနှင့် ပြည်သူအချို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ရာ ကျောင်းသားခေါင်းဆောင် ဉာဏ်မြင့်သန်း၊ စည်သူမြတ်၊ ကျော်ဆန်းထွန်း၊ မဖြူ နှင့် ကိုစိန်ဝင်းတို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရပြီး မြင်းခြံနယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ကျောင်းသားမိဘတစ်ဦးကဆိုသည်။တောင်တွင်းကြီးဒေသခံများနှင့် ကျောင်းသားများကလည်း တောင်တွင်းကြီး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။ကျောင်းသားနှင့် ပြည်သူ ၂၀ ကျော်က လမ်းသွားလမ်းလာပြည်သူများကို ကမ္ဘာမကျေဘူးလက်ပတ်ပတ်ပေးခြင်း၊ we are student စာသားပါသည့်စတစ်ကာများကို ကားများ ဆိုင်ကယ်များတွင် ကပ်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း တောင်တွင်းကြီးမြို့ခံတစ်ဦးကဆိုသည်။ ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကဦးဆောင်၍လည်း မတ် ၂၇ ရက် နံနက် ၁၀ နာရီက ထားဝယ်မြို့၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent