အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် စဉ်းစားထားဟု ကေအိုင်အိုကိုယ်စားလှယ် ပြောကြား

အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် စဉ်းစားထားဟု ကေအိုင်အိုကိုယ်စားလှယ် ပြောကြား
Published 25 March 2015
အောင်ဇော်ထွန်း

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား တိုက်ပွဲများ၊ ပဋိပက္ခများ လျှော့ချရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် စဉ်းစားထားသည်ဟု KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားသည်။၂ဝ၁၄ ခုနှစ် မေ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးတွင် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများ ပါဝင်သော အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အိုမှ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်သည့် ကေအိုင်အို၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကို ဖွဲ့စည်းပြီးနောက် လစဉ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားမှု လျှော့ချနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးများ၏ ပုံမှန်တွေ့ဆုံမှုကို KIO က ရပ်ဆိုင်းခဲ့သည်။ဗိုလ်မှူးကြီးဇော်တောင်က “လွန်ခဲ့တဲ့ ၂ဝ၁၄ နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကိစ္စ ဖြစ်တာနဲ့ ကျွန်တော်တို့က မတွေ့ဖြစ်တော့တာ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီပြဿနာက ကျွန်တော်တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဆင့်နဲ့ပဲ ဖြေရှင်းလို့ မရတော့ဘူး။ တခြားအဖွဲ့တွေလည်း ပါတဲ့အတွက်ကြောင့် NCCT အစည်းအဝေးမှာ ဖြေရှင်းပြီးတဲ့နောက်မှာပဲ ကျွန်တော်တို့ ပဋိပက္ခဖြေရှင်းရေး အဖွဲ့တွေက တွေ့ဆုံမယ်လို့ ကျွန်တော်တို့က ခေတ္တနားထားတာမှာ အခု NCCT အစည်းအဝေး ပြီးပြီဆိုတော့ ကျွန်တော်တို့ကလည်း လာမယ့်လတွေမှာတော့ ကျွန်တော်တို့ဆက်ပြီးတော့ တွေ့နိုင်မှာပါ။ အခု လူချင်းမတွေ့ရင်တောင်မှ စာအပြန်အလှန် ပေးပို့ခြင်း လုပ်ငန်းတွေ ပုံမှန်လုပ်နေပါတယ်။ ဒီကိစ္စ ပြန်တွေ့ဖို့ကတော့ အချင်းချင်း ချိန်းဆိုထားတာတို့ ပြောထားကြတာတော့ မရှိသေးဘူးပေါ့။ ကျွန်တော်တို့ဘက်က စဉ်းစားထားတာပေါ့။ အခု NCCT အစည်းအဝေး ပြီးလို့ရှိရင် ပြန်တွေ့နိုင်မယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ အဲဒီလို စဉ်းစားထားတာ ရှိတယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ ပြောလို့ရှိရင် တွေ့မှာပါ” ဟု ပြောကြားသည်။တပ်မတော်နှင့် KIA တို့အကြား ကချင်ပြည်နယ် မန်စီမြို့နယ် ကိုင်ထိတ်ကျေးရွာဝန်းကျင်တွင် မတ် ၂၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ နှစ်ဖက်အကြား အဆက်အသွယ် လုပ်ဆောင်လို့ရသည့် အနေအထားတွင် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း မရှိသောကြောင့် အောက်ခြေတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့သည် ၁၉၉၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ၁၇ နှစ်ကြာ အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ခဲ့သော်လည်း လက်ရှိအစိုးရသစ်လက်ထက် ၂ဝ၁၁ ဇွန်လမှစတင်ကာ နှစ်ဖက်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲပေါင်း ၁၅ဝဝ ကျော်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ကချင်ဒေသနှင့် ရှမ်းမြောက်ဒေသများတွင် နှစ်ဖက်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

Most Read

Most Recent