တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ဖမ်းဆီးမည့်ဒေသများ တိုးချဲ့သွားမည်ဖြစ်ပြီး သစ်ခိုးထုတ်သည့် အဓိကလမ်းကြောင်းဖြစ်သော ကချင်နှင့် ရှမ်းနယ်စပ်တို့တွင် ဖမ်းဆီးမည်

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ဖမ်းဆီးမည့်ဒေသများ တိုးချဲ့သွားမည်ဖြစ်ပြီး သစ်ခိုးထုတ်သည့် အဓိကလမ်းကြောင်းဖြစ်သော ကချင်နှင့် ရှမ်းနယ်စပ်တို့တွင် ဖမ်းဆီးမည်
Published 25 March 2015
အောင်ရဲကို

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ဖမ်းဆီးမည့်ဒေသများကို တိုးချဲ့သွားမည်ဖြစ်ပြီး သစ်ခိုးထုတ်မှု များပြားသည့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကထား ဖမ်းဆီးမည်ဟု တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ထံမှ သိရသည်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “တရားမဝင်ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးတဲ့ အပိုင်းတွေကို တိုးချဲ့ဖို့ ညွှန်ကြားချက် ရထားပါတယ်။ အဲဒီအတွက်လည်း လုပ်ဆောင်ဖို့ တိုးချဲ့ပါပြီ။ နောက်တော့ အခုဖြစ်နေတဲ့ သစ်ခိုးထုတ်မှုတွေရဲ့ အဓိကလမ်းကြောင်းကို ဖမ်းဆီးသွားပါမယ်” ဟု ဆိုသည်။တရုတ်ပြည်ဘက်သို့ ဝင်ရောက်မည့် လမ်းကြောင်းတိုင်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့သုံးဖွဲ့မှ တိုးချဲ့လုပ်ငန်းစဉ်ကို အဓိကတာဝန်ယူ ဆောင်ရွက်မည်ဟု သိရသည်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များ၏ ထုတ်ပြန်မှုအရ ယခုနှစ်အတွင်း သစ်များဖမ်းဆီးရမိမှုမှာ များပြားနေပြီး အမှုတွဲငါးမှုမှ ကျွန်း၊ သစ်မာ အစရှိသည့် အဖိုးတန်သစ်တန်ချိန် ၁၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့သည်။ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှာ မြန်မာနိုင်ငံ၏ အဖိုးတန်သစ်များ တရားမဝင် တရုတ်ပြည်ထဲသို့ သွင်းယူသည့် အဓိကလမ်းကြောင်းများပေါ်တွင် ရှိနေပြီး တရုတ်သစ်ခိုးဂိုဏ်းများမှပင် ဝင်ရောက်လုပ်ဆောင်နေပြီဟု သိရသည်။“အတတ်နိုင်ဆုံး ထောင့်ပေါင်းစုံကနေပြီး ဖမ်းဆီးမှုကို လုပ်သွားမှာ ဖြစ်တယ်။ လက်နက်မရှိပေမယ့် တပ်ပိုင်းဆိုင်ရာနဲ့လည်း ချိတ်ဆက်ပြီးလုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်” ဟု တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုမှ တာဝန်ရှိသူက ပြောကြားသည်။လက်ရှိတွင် သစ်ခိုးထုတ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ ယခု ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။တရုတ်သစ်ခိုးထုတ်ဂိုဏ်းမှာ သစ်လုံးတင်ယာဉ် ၂၀၀ ကျော်ဖြင့် ယခုလအတွင်း နေ့စဉ် တရုတ်ပြည်အတွင်းသို့ သယ်ယူပို့ဆောင်မှု ပြုလုပ်နေခြင်းကို အစိုးရတပ်မတော်မှ ဟန့်တားရာမှတစ်ဆင့် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဟု သိရသည်။တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တရားမဝင် သစ်လုပ်ငန်း အကြီးဆုံးလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉၀ ခန့်မှာ မြန်မာနိုင်ငံမှ သစ်များဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။ယခုနှစ်စပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် သစ်ခိုးထုတ်နေသည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်နှင့်အတူ ခုတ်လှဲပြီး သစ်လုံးရေ ၁၀၀၀၀ ကျော်၊ သစ်သယ်ယာဉ်နှင့် သစ်ခုတ်လှဲရာတွင် အသုံးပြုသည့်ယာဉ် စုစုပေါင်း ၅၀၀ ခန့်ကို တပ်မတော်မှ ဖမ်းဆီးခဲ့သည်။တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံအတွင်း သစ်ခိုးထုတ်မှုကို နှစ်ရှည်စီမံကိန်းကြီး တစ်ခုသဖွယ် ဝင်ရောက်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။