ပြည်တွင်းဘုရားဖူး ခရီးသွားများ အနေဖြင့် ခရီးသွားအာမခံ ထားရှိနိုင်ပြီဖြစ်ပြီး ရက်သတ္တပတ်အတွက် တစ်ယူနစ်လျှင် အာမခံကြေးကျပ် ၂၀၀ ပေးသွင်းရမည်

ပြည်တွင်းဘုရားဖူး ခရီးသွားများ အနေဖြင့် ခရီးသွားအာမခံ ထားရှိနိုင်ပြီဖြစ်ပြီး ရက်သတ္တပတ်အတွက် တစ်ယူနစ်လျှင် အာမခံကြေးကျပ် ၂၀၀ ပေးသွင်းရမည်
Published 25 March 2015
ချမ်းမြေ့သူ

ပြည်တွင်းဘုရားဖူး ခရီးသွားများ အနေဖြင့် ခရီးသွားအာမခံ ထားရှိနိုင်ပြီးဖြစ်ပြီး ရက်သတ္တပတ်အတွက် တစ်ယူနစ်လျှင် အာမခံကြေး ကျပ် ၂ဝဝ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။အဆိုပါ ခရီးသွားအာမခံကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းတို့ နားလည်မှုစာချွန်လွှာ ရေးထိုးကာ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး သုံးရက်မှ အများဆုံး ရက်သတ္တပတ် (၇ ရက်) အထိ အာမခံထားရှိနိုင်ကြောင်း သိရသည်။ခရီးသွားလှည့်လည်စဉ်ကာလ သုံးရက်အတွက် တစ်ယူနစ် ဝယ်ယူပါက အာမခံကြေး ကျပ် ၁၅ဝ ပေးသွင်းရမည်ဖြစ်ကာ ရက်သတ္တပတ် (၇ ရက်) အတွက် တစ်ယူနစ် ဝယ်ယူပါက အာမခံကြေး ကျပ် ၂ဝဝ ပေး သွင်းရမည်ဖြစ်ပြီး တစ်ဦးလျှင် အများဆုံး ၁ဝ ယူနစ်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။ခရီးသွားအာမခံ ဝယ်ယူထားသူများ အနေဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါက တစ်ယူနစ် ဝယ်ယူထားသူများအတွက် လျော်ကြေးအဖြစ် ကျပ်ငါးသိန်း ရရှိမည်ဖြစ်ပြီး ၁ဝ ယူနစ် ဝယ်ယူထားသူများအတွက် ကျပ်သိန်းငါးဆယ် ပြန်လည်ပေးလျော်မည်ဖြစ်ပြီး သေဆုံးခြင်းမဟုတ်ဘဲ ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာ ၇၃ မျိုးအတွက် ရာခိုင်နှုန်းအလိုက် လျော်ကြေးပြန်လည် ပေးအပ်မည်ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“ခရီးသွားအာမခံကို ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း လာထားလို့ရတယ်။ တချို့ကလည်း MoU ထိုးထားတဲ့ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတွေကတစ်ဆင့် ထားကြတယ်။ အရင်ကထက် စာရင်တော့ အာမခံထားရှိဖို့ အသိဉာဏ်တွေ ရလာကြပြီလို့ မြင်ပါတယ်။ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဆိုရင် ယာဉ်လိုင်းတွေကို ခရီးသွားအာမခံထားဖို့ တိုက်တွန်းတာတွေလဲ ရှိလာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။“ခရီးသွားအာမခံကို ထားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ တချို့ကလည်း အဲဒါ မကောင်းဘူး။ မဝယ်ဘူး၊ အတိတ်နိမိတ် မကောင်းဘူးလို့ ပြောကြတယ်။ ဒါကြောင့် ဘုရားဖူးလက်မှတ်တွေ လာဝယ်တဲ့ ခရီးသွားအာမခံနဲ့ တွဲဝယ်ချင်တဲ့သူ ဆိုရင်လည်း ရောင်းပေးတယ်။ မဝယ်ချင်ဘူးဆိုရင်လည်း ဘုရားဖူးလက်မှတ်ချည်းပဲ သီးသန့်ရောင်းပေးလိုက်တယ်” ဟု ရွှေကြေးစည် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား လုပ်ငန်းပိုင်ရှင် ဒေါ်စမ်းစမ်းအောင်က ပြောကြားသည်။ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလတွင် ပြည်တွင်းဘုရားဖူး သွားရောက်မှု များပြားလျက်ရှိနေပြီး သင်္ကြန်ကာလတွင်လည်း ပို့ဆောင်ပေးရမှုများရှိကြောင်း ပြည်တွင်းဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းများမှ သိရသည်။

Most Read

Most Recent