ဘဏ္ဍာရေးဆိုင်ရာသုံးငွေများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်

ဘဏ္ဍာရေးဆိုင်ရာသုံးငွေများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်
Published 25 March 2015
ဆန်းထူးအောင်

ဘဏ္ဍာရေးဆိုင်ရာငွေများ မြင့်မားလာခြင်းနှင့်အတူ မြင့်မားလာမည့် လုပ်ခလစာများသည် ပြည်တွင်းဝယ်လိုအားကို တိုးလာစေခြင်းကြောင့် ၂ဝ၁၅ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်မားလာနိုင်ကြောင်း မတ် ၂၄ ရက်က ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။“ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုးတက်ကောင်းမွန်လာတဲ့ စီးပွားရေးဝန်းကျင်နဲ့ မြန်မာနိုင်ငံ အနေနဲ့ အရှေ့တောင်အာရှ ဒေသခွဲအတွင်းမှာ ပိုမိုပေါင်းစီး လာနိုင်တာတွေကြောင့် နောင်လာမယ့် ၂ဝ၁၆ ဘဏ္ဍာနှစ်မှာလည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုက ရှစ်ရာခိုင်နှုန်း အထက်မှာ ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် ပီတာဘရင်းဘဲလ်က ပြောကြားသည်။ထို့ပြင် အာရှ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ၂ဝ၁၅ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း သိရသည်။သို့သော် စီးပွားရေးဖွံ့ဖြိုးလာနိုင်မှုနှင့်အတူ ထိခိုက်နိုင်ခြေများလည်း ရှိနေကြောင်း ယင်းအခြေအနေများမှာ ပြင်ပနှင့် ဘဏ္ဍာရေးအားနည်းခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုတို့နှင့် တင်းမာမှုများရှိနေခြင်း၊ ဆိုးရွားသည့် ရာသီဥတုများကြောင့် ထိခိုက်နိုင်မှုများ ရှိနေခြင်းနှင့် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ကျဆင်းသွားနိုင်သည့် အလားအလာများ ရှိနေခြင်း စသည့်အကြောင်းတရားများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ထို့အတူ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နိုင်ခဲ့သော်လည်း အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် စီမံအုပ်ချုပ်မှုနှင့် အများပြည်သူဆိုင်ရာ စွမ်းဆောင်မှု အားကောင်းစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးစေရန်၊ ပုဂ္ဂလိကကဏ္ဍ အားကောင်းရန်၊ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ရှင်သန်လာရန် စသည့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဗင်းဖရက်ဗခ်ကလိုင်းက ပြောကြားသည်။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ကာလဖြစ်သော ၂ဝ၁၁ ခုနှစ်မှစ၍ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာ တစ်ခုအထိ မြင့်မားလာသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုများလည်း လိုက်ပါလာကြောင်း ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ တွင် ငွေကြေးဖောင်းပွမှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် အချို့လများတွင် ခုနစ်ရာခိုင်နှုန်းအထိ ခန့်မှန်းခဲ့ကြသော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဆိုသည့်အတွက် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားရနိုင်ကြောင်းလည်း စီးပွားရေးပညာရှင်တို့က သုံးသပ်ကြသည်။

Most Read

Most Recent