ပြင်ပဒေါ်လာဈေး ထပ်မံမြင့်တက်ကာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၀၀ နီးပါး ရောက်လာ

ပြင်ပဒေါ်လာဈေး ထပ်မံမြင့်တက်ကာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၀၀ နီးပါး ရောက်လာ
Published 24 March 2015
အောင်မြတ်ကို

ပြင်ပဈေးကွက်၌ ဒေါ်လာဈေး ထပ်မံမြင့်တက်ကာ တစ်ဒေါ်လာ ၁ဝ၈၉ ကျပ်ဝန်းကျင်သို့ရောက်လာပြီး တစ်ပတ်အတွင်း ယခင် ဈေးထက် ၁ဝ ကျပ်ကျော် မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
 
မတ်လနောက်ဆုံးပတ်အတွင်း ပြင်ပဈေးကွက်တွင် သိသာစွာမြင့်တက်လာသော ဒေါ်လာလဲနှုန်း မတ် ၂၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၁ဝ၈၉ ကျပ်ဝန်းကျင်အထိ ရှိလာခဲ့သည်။ ယနေ့ဖြစ်ပေါ်နေသော ဈေးနှုန်းသည် မတ် ၁၇ ရက် ဈေးနှုန်း  (၁ဝ၇၂ ကျပ် ဝန်းကျင်) ထက် ၁၇ကျပ် ကျော် မြင့်တက်လာခဲ့သည်။
 
ပြင်ပနိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် မတ်လ ပထမပတ်အထိ သိသာစွာပြောင်းလဲမှု မရှိသော်လည်း မတ်လဒုတိယပတ်မှစ၍ ဈေးကွက်အတွင်း သိသာစွာပြောင်းလဲလာပြီး အတက်ဘက်သို့ဦးတည်လာသည်။  မတ်လ ဒုတိယပတ်အစ (မတ်၁၂ရက်) တွင် တစ်ဒေါ်လာတန်ဖိုး ၁ဝ၇၃ ကျပ် ဝန်းကျင်မှစ၍ ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာခဲ့ပြီး ယနေ့ပြင်ပဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာရောင်းဈေး ၁ဝ၈၇ ကျပ်ဝန်းကျင်အထိ မြင့်တက်နေသည်။
 
ထို့အပြင် ပို့ကုန်ရငွေတန်ဖိုးမှာ မတ်  ၁ဝ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၅၆ ကျပ်အထိ ရှိခဲ့သော်လည်း မတ် ၁၂ ရက် ပို့ကုန်ရငွေ တန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁ဝ၇၆ ကျပ်ဝန်းကျင်သို့ ကျပ် ၂ဝ ဝန်းကျင် တက်လာခဲ့ပြီး မတ် ၁၆၊ ၁၇ရက်များတွင် ဈေးနှုန်း သိသာစွာ  ပြောင်းလဲမှုမရှိပေ။ ပြင်ပဈေးကက်တွင် ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့် အတူ မတ် ၂၃ ရက် ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာ ၁ဝ၈၅ ကျပ်ဝန်းကျင်မှ မတ် ၂၄ ရက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ၁ဝ၉၂ ကျပ် ဝန်းကျင်သို့ ခုနစ်ကျပ်ကျော်မျှ တစ်ရက်ကျော် အတွင်း မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
 
ထို့အပြင် ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့၏ ငွေလဲကောင်တာများတွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းထက် ကျော်လွန်၍ ရောင်းဈေး ၁ဝ၉ဝ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၇၈ ကျပ်ဝန်းကျင်တွင် ရောင်းချလျက်ရှိသည်။
 
မတ် ၂၄ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁ဝ၈၉ ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၈၆ကျပ် ဝန်းကျင်တွင်ရှိနေပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များတွင် ရောင်းဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ လျှင် ၁ဝ၂၇ ကျပ် သတ်မှတ်ထားသည်။
 
တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်  Reference Rate ၏ + ဝ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ဝ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရဘဏ်များအကြား  Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက်ဗဟိုဘဏ် Reference Rate ၏ + ဝ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ဝ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
 

Most Read

Most Recent