ပြည်တွင်းအရက်ဘီယာ ထုတ်လုပ်မှုမှာ နှစ်စဉ်ဂါလန် ၂၅ သန်းနှင့် အထက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အရက်ဘီယာ ဂါလန်ပေါင်း ၃၃ သန်းကျော် ထုတ်လုပ်ထား

ပြည်တွင်းအရက်ဘီယာ ထုတ်လုပ်မှုမှာ နှစ်စဉ်ဂါလန် ၂၅ သန်းနှင့် အထက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အရက်ဘီယာ ဂါလန်ပေါင်း ၃၃ သန်းကျော် ထုတ်လုပ်ထား
Published 23 March 2015
ချမ်းမြေ့သူ

ပြည်တွင်း အရက်ဘီယာ ထုတ်လုပ်မှုမှာ နှစ်စဉ်ဂါလန် ၂၅ သန်းနှင့်အထက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အရက်ဘီယာ ဂါလန်ပေါင်း ၃၃ သန်းကျော် ထုတ်လုပ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ သိရသည်။
အရက်ဘီယာ ထုတ်လုပ်ရာတွင် အရက်ထုတ်လုပ်မှု ဂါလန်အရေအတွက်ထက် ဘီယာထုတ်လုပ်မှု ဂါလန်ပေါင်းမှာ ပိုမိုကြောင်းနှင့် ဘဏ္ဍာနှစ်သုံးနှစ်အတွင်း အရက်ဘီယာ ထုတ်လုပ်မှုမှာ သိသာစွာမြင့်တက်ခဲ့ကြောင်း သိရသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှုမှာ ဂါလန် ၂၆ သန်းကျော်ရှိပြီး အရက်ထုတ်လုပ်မှုမှာ ဂါလန်တစ်သန်းကျော် ရှိသည့်အတွက် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအရက်ဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းကျော် ရှိကြောင်း သိရသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ဘီယာထုတ်လုပ်မှုဂါလန်ပေါင်း ၃၄ သန်းကျော်ရှိပြီး အရက်ထုတ်လုပ်မှုမှာ ဂါလန်တစ်သန်းကျော်ရှိကာ အရက်ဘီယာထုတ်လုပ်မှု ဂါလန်စုစုပေါင်း ၃၅ သန်းကျော် ရှိသည့်အတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုဖြင့် နှိုင်းယှဉ်ပါက အရက်ဘီယာ ဂါလန်ပေါင်း ရှစ်သန်းကျော် ပိုမိုထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင်လည်း ဘဏ္ဍာနှစ်မကုန်မီ သုံးလအလိုအထိ စာရင်းများအရ ဘီယာထုတ်လုပ်မှုဂါလန် ပေါင်း ၃၂ သန်းကျော်ရှိကာ အရက်ထုတ်လုပ်မှု ဂါလန်ပေါင်းမှာ တစ်သန်းကျော်ရှိပြီး အရက်ဘီယာ ထုတ်လုပ်မှု ဂါလန်စုစုပေါင်း ၃၃ သန်းကျော်ရှိသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုဂါလန်မှာ ယခင်ဘဏ္ဍာနှစ်ထက်ပင် ပိုလာနိုင်ဖွယ်ရှိနေသည်။
အဆိုပါထုတ်လုပ်မှု ပမာဏမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် အရေအတွက်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေသည့် အရက်ဘီယာများကို ထည့်သွင်းတွက်ချက်ပါက ဈေးကွက်အတွင်း ဂါလန်သန်းပေါင်းများစွာ ရှိနေနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များ အပေါ်အခြေခံ၍ ကော်မရှင် အစည်းအဝေးမှတစ်ဆင့် ခွင့်ပြုပေးသည့် နိုင်ငံသားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြားကုမ္ပဏီများ လည်းရှိပြီး ဖေဖော်ဝါရီလ အတွင်းကလည်း မွန်ပြည်နယ်တွင် အရက်ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီ တစ်ခုကို ခွင့်ပြုပေးထားကြောင်း သိရသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်သစ်တွင် ဆေးလိပ်၊ အရက်အပါအဝင် အထူးကုန်စည် ကိုးမျိုးကို လက်ရှိအခွန်နှုန်းထားများထက် ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂ဝ အထိ ထပ်တိုးကောက်မည်ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
ယင်းကဲ့သို့ထပ်တိုး ကောက်ရာတွင် ပါဝင်သည့် အရက်အမျိုးမျိုးနှင့် ဘီယာအမျိုးမျိုးကို လက်ရှိနှုန်းထားထက် ၁ဝ ရာခိုင်နှုန်း ထပ်တိုးကောက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်နယ်မြေ ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံလုပ်ဘီယာများ ဝင်ရောက်မှုရှိနေသဖြင့် အကောက်ခွန်ဦးစီးဌာန အနေဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေရကြောင်းလည်း သိရသည်။