၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ရှစ်ဘီလျံ နီးပါးရှိနေပြီး ယခင်ဘဏ္ဍာနှစ်ထက် ထက်ဝက်ခန့် ပိုမိုဝင်ရောက်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ရှစ်ဘီလျံ နီးပါးရှိနေပြီး ယခင်ဘဏ္ဍာနှစ်ထက် ထက်ဝက်ခန့် ပိုမိုဝင်ရောက်
Published 22 March 2015
မင်းသီဟဇော်

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာရှစ်ဘီလျံနီးပါးရှိပြီး ယခင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် ပိုမိုများပြားခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင်ရင်း နှီးမြှုပ်နှံရန်ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၇၈၆၁ ဒသမ ဝဝ၈ သန်း (ရှစ်ဘီလျံနီးပါး) ရှိပြီး ယခင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တစ်နှစ်လုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၁ဝ၇ ဒသမ ဝ၅၅ သန်းသာရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၇၅၃ ဒသမ ၉၅၃ သန်း ပိုမိုများပြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ ဝင်ရောက်မှုအများဆုံးကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး ဆောက်လုပ်ငန်းရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအနေဖြင့် အစိုးရဌာနပိုင်မြေများကို ငှားရမ်းဆောင်ရွက်ခြင်းအပြင် ယခု အစိုးရလက်ထက်တွင် ပုဂ္ဂလိကပိုင်မြေများကိုပါ ငှားရမ်းဆောင်ရွက်ခွင့်ပြုခြင်း၊ ယခင်က နိုင်ငံခြားသားနောက်ခံဖြင့် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် တရားဝင်ပြောင်းလဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံခြားငွေလွှဲပြောင်းခြင်း ကိစ္စများတွင်လည်း ဖြေလျှော့မှုများပေးခြင်းတို့ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှုတိုးတက် လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ယူကေ၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ရုရှား၊ ဩစတြီးယား၊  ပနားမား၊ ယူအေအီး၊ ကနေဒါ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်း မတ်၊ ဘရူနိုင်း၊ ဆိုက်ပရပ်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
 
 
 

Most Recent