တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့၏ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် စတင်ချိန်မှ လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် ၁၀၀ ကျော် ကျဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရ

တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့၏ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် စတင်ချိန်မှ လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် ၁၀၀ ကျော် ကျဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရ
Published 22 March 2015
အောင်ဇော်ထွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် အခြေပြု လှုပ်ရှားနိုင်ရေး ရည်ရွယ်ကာ ဝင်ရောက်အခြေပြု လှုပ်ရှားနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေသည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ (MNDAA) နှင့် အစိုးရတပ်မတော်တို့သည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် စုစုပေါင်း ၁ဝဝ ကျော် ကျဆုံးခဲ့ပြီး ၂၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။တပ်မတော်နှင့် ကိုးကန့်အဖွဲ့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့မှ ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသော ကျဆုံးဒဏ်ရာရ စစ်သည်စာရင်းများအား ရေတွက်ကြည့်ရာ ဖေဖော်ဝါရီ ၉ ရက်မှ မတ် ၂၁ ရက်အထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် ၁၁ဝ ဦးကျဆုံးခဲ့ပြီး ၂၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖျင်း သိရသည်။    တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်တွင် ကိုးကန့်အဖွဲ့သည် မြေအနေအထား အသာစီးရမှုကို အခွင့်ကောင်းယူပြီး တောင်ကုန်းများပေါ်တွင် အခိုင်အမာ ခံကတုတ်များ ဆောက်လုပ်ကာ ဆက်သွယ်ရေးမြောင်းများ၊ ဗုံးခိုကျင်းများနှင့် တိုက်မိုင်းများဖြင့် တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများကလည်း လက်နက်ကြီးပစ်ကူများ ရယူခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စစ်နည်းဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့ (MNDAA) ဘက်မှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)နှင့် ရက္ခိုင့်တပ်ဖွဲ့ (AA)တို့ကလည်း ပါဝင်တိုက်ခိုက်ပေးလျက်ရှိပြီး TNLA အဖွဲ့မှာ အစိုးရနှင့် အပစ်ရပ်စဲရေး တစ်ကြိမ် ဆွေးနွေးဖူးသော်လည်း AA နှင့် MNDAA တို့ကို အစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ် ပြုမထားပေ။ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် TNLA၊ MNDAA၊ AA တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲထိတွေ့မှုများ နေ့စဉ်နီးပါး ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ ယင်းတိုက်ပွဲများ မရပ်ဆိုင်းဘဲ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီမှုများ အလုပ်မဖြစ်နိုင်ဟု TNLA က မတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး မြန်မာ့တပ်မတော် စစ်ဆင်ရေး တပ်မများ ပြန်လည်ရုပ်သိမ်းခြင်းတို့ မပြုလုပ်မချင်း ခုခံကာကွယ်သည့် စစ်ရေးနည်းလမ်းဖြင့် ဆက်လက်ခုခံ တိုက်ပွဲဝင်သွားမည်ဟု TNLA က သဘောထား ထုတ်ပြန်ခဲ့သည်။တပ်မတော်ကမူ ကိုးကန့်အဖွဲ့အား နယ်မြေအတွင်း အခြေပြု လှုပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွင် အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။UNFC တွင် နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်၊ စစ်ရေးနည်း လုံးဝမသုံးရန် မူချမှတ်ထားသော်လည်း အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)မှ စစ်ရေးနည်း သုံးနေခြင်းအပေါ် အဖွဲ့အတွင်း ပြန်သုံးသပ်ရမည့်ကိစ္စ ဖြစ်သည်ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားထားသည်။လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့အကြား ညှိနှိုင်းမှုများ ပြုလုပ်နေသည်။

Most Read

Most Recent