၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ် ၁၁၁၄ လုံးကို လုပ်ငန်းလိုင်စင်ချထားပြီး ယခင်နှစ်က လိုင်စင်ချထားသည့် အရေအတွက်ထက် ၁၆၇ လုံး ပိုမို

၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ် ၁၁၁၄ လုံးကို လုပ်ငန်းလိုင်စင်ချထားပြီး ယခင်နှစ်က လိုင်စင်ချထားသည့် အရေအတွက်ထက် ၁၆၇ လုံး ပိုမို
Published 22 March 2015
ချမ်းမြေ့သူ

၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန်အထိ ဟိုတယ်အလုံးရေ ၁၁၁၄ လုံးကို လုပ်ငန်းလိုင်စင်ချထားပေးခဲ့ပြီး ယခင်နှစ်က လိုင်စင်ချထားပေးခဲ့ရသည့် အရေအတွက်ထက် အလုံးရေ ၁၆၇ လုံး ပိုမိုခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂၀၁၄ ခုနှစ်တွင် လုပ်ငန်းလိုင်စင် ချထားပေးခဲ့သည့် အလုံးရေ စုစုပေါင်းမှာ ၉၄၇ လုံးဖြစ်ပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာ ၃၅၈၂၆ ခန်းရှိပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန်အထိတွင်မူ အလုံးရေ ၁၁၁၄ လုံးအထိ တိုးတက်လာပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်မှာလည်း ၄၃၆၄၉ ခန်းအထိ ရှိလာကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းရှင်များက ဆက်တိုက်ဝင်ရောက် မြှုပ်နှံလာကြသည့် နည်းတူ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ လိုင်စင်ရဟိုတယ် အရေအတွက်သည် သိသာစွာ တိုးတက်လာခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အလုံးပေါင်း ၇၀၀၊ ၂၀၁၁ ခုနှစ်တွင် အလုံးပေါင်း ၇၅၀၊ ၂၀၁၂ ခုနှစ်တွင် အလုံးပေါင်း ၈၀၀ နှင့် ၂၀၁၃ ခုနှစ်တွင် အလုံးပေါင်း ၉၂၃ လုံးအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။နှစ်စဉ်ခရီးသွားဝင်ငွေရရှိမှုကို ကြည့်မည်ဆိုပါကလည်း တိုးတက်လျက်ရှိနေပြီး ၂၀၁၂ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှုမှ ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၉၂၆ သန်းရရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ယခု ခွင့်ပြုပေးထားသည့် လိုင်စင်ရဟိုတယ် အလုံးရေများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးရေ ၂၆ လုံး၊ ပြည်ပနှင့် ဖက်စပ်ဟိုတယ်အလုံးရေ ငါးလုံး၊ ဌာနပိုင် ငှားရမ်းဟိုတယ် အလုံးရေ ၂၁ လုံးနှင့် ပြည်တွင်းဟိုတယ် အလုံးရေ ၁၀၆၂ လုံးပါဝင်ကြောင်း သိရသည်။နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှုများ ပြုလုပ်လျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားကြကြောင်း  သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံသားလုပ်ငန်းရှင်များ လုပ်ကိုင်ရန် အဆိုပြု တင်ပြလာသည့် လုပ်ငန်းများကို ပြန်လည်ခွင့်ပြုပေးရာတွင် ၂၀၁၅ ဖေဖော်ဝါရီလအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီလေးခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent