နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့်လစာနှုန်းထားများ လျာထားချက်စာရင်းကို မတ် ၂၃ ရက် နောက်ဆုံးထားပေးပို့ရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့်လစာနှုန်းထားများ လျာထားချက်စာရင်းကို မတ် ၂၃ ရက် နောက်ဆုံးထားပေးပို့ရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်
Published 20 March 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို မတ် ၂၃ ရက် နောက်ဆုံးထားပေးပို့ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။နေပြည်တော်တွင် မတ် ၂၀ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက "ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသည့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း အတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့်လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၃.၃.၂၀၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အရေးကြီးအဆိုကိုတင်သွင်းခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စရပ်များကို တိတိကျကျဖော်ပြပေးရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းကဆိုသည်။၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ နှင့်အညီ ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏လစာရာထူးအဆင့်အလိုက် လစာနှုန်းထားများတိုးမြှင့်ပေးမည့် လျာထားချက်စာရင်းကိုသိရှိမှသာ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် လွှတ်တော်သို့ အဆိုပြုတင်ပြနိုင်မည်ဖြစ်ကြောင်း ဦးစောလှထွန်းကပြောကြားသည်။အဆိုအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးမောင်တိုးက ထောက်ခံဆွေးနွေးရာတွင် ]]၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့တင်ပြရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် လစာတိုးမြှင့်မှုကိုလျာထား၍ လစာစရိတ်အတွက် စုစုပေါင်း ကျပ် ၂ ဒသမ ၉၀၁ ထရီလျံ လျာထားကြောင်း ပါရှိခဲ့ပါတယ်။၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေတွင် ပြည်ထောင်စုအသုံးစရိတ်၌ လစာစရိတ်သုံးစွဲငွေမှာ နှစ်ထရီလျံကျပ်ခန့်သာ သုံးစွဲထားတာဖြစ်တဲ့အတွက် လစာစရိတ်ကိုတိုးမြှင့်ထားတာ မှန်ကန်သော်လည်း ပြည်သူ့ငွေများကိုအသုံးပြုခြင်းဖြစ်၍ ဝန်ထမ်းများကို မည်သည့်နှုန်းထားဖြင့် တိုးမြှင့်ပေးထားသည်ကို ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် သိရှိရန်လိုပါတယ်" ဟု ဆွေးနွေးပြောကြားသည်။ပြည်ထောင်စုအသုံးစရိတ်တွင်ပါဝင်သည့် ဝန်ထမ်းများ၏လစာစရိတ်မှာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေတွင် ၂ ဒသမ ၀၄၂ ကျပ် ထရီလျံဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေတွင် ပြည်ထောင်စု၏အသုံးစာရင်း၌ ၂ ဒသ မ ၆၄၃ ကျပ် ထရီလျံလျာထားပြီး တိုးမြှင့်လျာထားငွေမှာ ၆၀၁ ကျပ်ဘီလျံဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၄၄ ရာခိုင်နှုန်းတိုးမြှင့်ထားပြီး ဘတ်ဂျက်တင်ပြရာတွင် ၂ ဒသမ ၉၀၁ ကျပ်ထရီလျံမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ဘတ်ဂျက်တွင်ပါဝင်သည့် ဝန်ထမ်းများ၏လစာစရိတ်များပါ ပါဝင်ပြီး တစ်နိုင်ငံလုံး၏အသုံးစာရင်းအနေဖြင့် တင်ပြထားခြင်းဖြစ်ကြောင်း ဦးမောင်တိုးက ဆွေးနွေးပြောကြားသည်။အရေးကြီးအဆိုနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က "ယခုလွှတ်တော်ကို လျာထားတင်ပြထားတဲ့ တိုးမြှင့်လစာစရိတ်နှုန်းထားတွေဟာ ပြည်ထောင်စုလွှတ်တော်က ပေးပို့တဲ့အဆိုအရ ပြည်ထောင်စုအစိုးရအနေနဲ့ အပေါ်က ကျွန်တော်တင်ပြခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အကြိမ်ကြိမ်တင်ပြခဲ့သလို တိုးမြှင့်ပေးနိုင်မယ့်နှုန်းထားကိုသာ ဘတ်ဂျက်မှာလျာထားတွက်ချက်တင်ပြထားခြင်းဖြစ်ပါတယ်။ ဒီလျာထားချက်ပါရှိတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်ကအတည်ပြုတဲ့အချိန် သင့်တော်တဲ့ကာလမှာ အစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေနဲ့အညီ ဆုံးဖြတ်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယခုတင်သွင်းတဲ့အဆိုကို ပြန်လည်သုံးသပ်စဉ်းစားသင့်ပါကြောင်း တင်ပြလိုပါတယ်" ဟု ရှင်းလင်းပြောကြားသည်။ပြည်ထောင်စုအစိုးရအဖွဲ့ကတင်သွင်းထားသည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့်လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၃-၃-၂၀၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ရေး ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Most Read

Most Recent